၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အကြောင်းအမျိုးမျိုးကြောင့် စာရင်းသွင်းဖို့ နောက်ကျတဲ့ ကျောင်းသား ကျောင်းသူတွေ ဝင်ရောက်ဖြေဆိုနိုင်ရေး လျှောက်လွှာတင်သွင်းမှုကို စာမေးပွဲ မကျင်းပမီ တစ်ရက်အလိုထိ လက်ခံပေးသွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသန့်က နိုင်ငံပိုင် မီဒီယာကတစ်ဆင့် ဖြေကြားထားပါတယ်။

တက္ကသိုလ်စားမေးပွဲ လျှောက်လွှာတင်သွင်းမှုကို မတ်လ ၁၆ ရက်၊ ညနေ ၄ နာရီထိ စာရင်းသွင်း ဖြေဆိုဖို့ ထပ်တိုးလာရင်လည်း လက်ခံပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။နေပြည်တော် အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေမှာတော့ အကြောင်းအမျိုးမျိုးကြောင့် ရပ်ဝေးဒေသတွေကနေ ပြောင်းရွှေ့လာပြီး တက္ကသိုလ်ဝင်စာမေးပွဲကို မူလစာရင်းသွင်းထားတဲ့ စာစစ်ဌာနတွေမှာ မဖြေဆိုနိုင်ဘဲ စာစစ်ဌာန ရွှေ့ပြောင်းပြီး ဖြေဆိုမယ့် ကျောင်းသား ကျောင်းသူတွေအတွက်လည်း အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေး သွားမှာ ဖြစ်တယ်လို့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသန့်က ပြောပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အခြားစာစစ်ဌာနတွေမှာ ပြောင်းလဲဖြေဆိုမယ်ဆိုရင် သက်ဆိုင်ရာ မြို့နယ်ပညာရေး မှူးရုံးတွေနဲ့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနကိုလည်း တိုက်ရိုက်ဆက်သွယ်ပြီး လုပ်ဆောင်နိုင်တယ်လို့ သိရပါတယ်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကိုတော့ လာမယ့် မတ်လ ၁၇ ရက် ကနေ ၂၂ ရက်ထိ မိမိတို့ယူထားတဲ့ ဘာသာ တွဲအလိုက် ပိတ်ရက်မရှိ ဖြေဆိုရမှာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကိုတော့ ဝင်ရောက်ဖြေဆိုခဲ့သူဟာ တစ်သိန်း နှစ်သောင်းကျော်သာ ရှိပြီး အခု ၂၀၂၅ ခုနှစ်မှာတော့ ဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးသွင်းထားသူ နှစ်သိန်းနှစ်သောင်း ကျော်ရှိကာ စာစစ်ဌာန ၈၁၇ ခုဖွင့်လှစ်ပြီး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။