၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုမယ့် ကျောင်းသားကျောင်းသူတွေအတွက် ဖြေဆိုခွင့်လျှောက်လွှာတွေကို စက်တင်ဘာလ ၁ ရက်ကစတင်ပြီး ရောင်းချပေးသွားမှာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ဩဂုတ် ၂၃ ရက်မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။
ဖြေဆိုခွင့်လျှောက်လွှာတစ်စောင်ကို ၂၀၀ ကျပ်နဲ့ စာမေးပွဲဝင်ကြေးအတွက် ၇၀၀ ကျပ်တန်ဖိုးရှိ ပညာရေးဝန်ကြီးဌာန၊ ငွေသွင်းတံဆိပ်ခေါင်းတွေကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှာ စက်တင်ဘာလ ၁ ရက်ကစပြီး ရောင်းချပေးမှာဖြစ်တယ်လို့ဆိုပါတယ်။ ပြင်ပဖြေဆိုခွင့်လျှောက်လွှာတင်သွင်းသူတွေကတော့ စာမေးပွဲဝင်ကြေးငွေကို သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးတွေမှာ စာမေးပွဲဝင်ကြေးအတွက် ၇၀၀ ကျပ်တန် ငွေသွင်းတံဆိပ်ခေါင်းတွေဝယ်ယူပြီး မိမိနေထိုင်တဲ့ မြို့နယ်ပညာရေးမှူးရုံးမှာ စက်တင်ဘာ ၁ ရက်ကနေ ၃၀ ရက်အတွင်း တင်သွင်းရမှာဖြစ်ပါတယ်။

အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းခွဲ၊ တွဲဖက်ကျောင်းတွေနဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတွေက ဖြေဆိုမယ့် ကျောင်းသားကျောင်းသူတွေက စာမေးပွဲဝင်ကြေးအတွက် သက်ဆိုင်ရာကျောင်းအုပ်ကြီးတွေက စာမေးပွဲဝင်ကြေး ၇၀၀ ကျပ်တန် ငွေသွင်းတံဆိပ်ခေါင်းတွေဝယ်ယူပြီး စက်တင်ဘာ ၁ ရက်ကနေ ၃၀ ရက်အတွင်း သတ်မှတ်ရက်အမီတင်သွင်းကြရမှာဖြစ်တယ်လို့လည်းကြေညာချက်မှာပါရှိပါတယ်။
သတ်မှတ်ထားတဲ့ရက်အတွင်း အချိန်မီပေးပို့တာမရှိတဲ့သူတွေဟာ စာမေးပွဲဖြေဆိုခွင့်ရရှိမှာမဟုတ်ဘဲ စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာနဲ့ ကတ်ပြားမှာဖော်ပြပါရှိတဲ့ ဘာသာတွဲမှအပ အခြားဘာသာတွဲကို ပြောင်းလဲဖြေဆိုခွင့်ပြုမှာ မဟုတ်တာကြောင့် မိမိဖြေဆိုမယ့်ဘာသာတွဲအလိုက် ပုံစံတွေမှန်ကန်မှုရှိ မရှိ သေချာစစ်ဆေးပြီး မှန်ကန်စွာဖြည့်စွက်ပေးပို့ဖို့ကိုလည်း ကြေညာချက်မှာဖော်ပြထားပါတယ်။