၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်ပြီး ဆေးနဲ့ဆေးပညာနှီးနွှယ်တက္ကသိုလ်တစ်ခုခုကို ပထမဦးစားပေး လျှောက်ထားလိုသူတွေအနေနဲ့ တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့ကထုတ်ပေးတဲ့ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာစာအိတ်နဲ့ ဩဂုတ်၂၆ ရက်ကနေ စက်တင်ဘာ ၁၂ ရက်အထိ လျှောက်ထားရမှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ပါတယ်။
ဆေးတက္ကသိုလ်တွေနဲ့ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်တွေကို ပထမဦးစားပေး လျှောက်ထားလိုသူတွေအတွက် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာစာအိတ်ကို ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန(နေပြည်တော်)၊ ဆေးတက္ကသိုလ် ၅ခုနဲ့သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်၂ ခု စတဲ့နေရာ ၈ ခုထဲက တစ်ခုခုကို တိုက်ရိုက်ပေးပို့လျှောက်ထားရမှာဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဆေးဝါးတက္ကသိုလ်တွေ၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်တွေ၊ သူနာပြုတက္ကသိုလ်တွေနဲ့ အခြေခံကျန်းမာရေးတက္ကသိုလ်တွေကို ပထမဦးစားပေးလျှောက်ထားသူတွေအနေနဲ့ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာစာအိတ်ကို ပညာရေးဝန်ကြီးဌာနအောက်ရှိ လျှောက်လွှာတင်သွင်းဖို့သတ်မှတ်ထားတဲ့ တက္ကသိုလ် ၂၃ ခုကို ပေးပို့လျှောက်ထားရမှာဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းသား၊ကျောင်းသူ ၁၂၈၈၂၀ ယောက် ဝင်ရောက်ဖြေဆိုခဲ့ပြီး အောင်မြင်သူ ၇၄၅၉၂ ယောက်ရှိကာ အောင်ချက်ရာခိုင်နှုန်း ၅၈ ရာခိုင်နှုန်းရှိတယ်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။