စစ်ကိုင်းတောင်ရိုးမှာရှိတဲ့ ငလျင်ဒဏ်သင့် ဘုန်းကြီးကျောင်းနဲ့ သီလရှင်ကျောင်းတွေ ပြန်လည်ပြုပြင်ဖို့ အလှူရှင် လိုအပ်နေတယ်လို သိရပါတယ်။ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားအလွန်ပြင်းထန်တဲ့ငလျင်ကြောင့် စစ်ကိုင်းတောင်ရိုးမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေ၊ သီလရှင်ကျောင်းတွေနဲ့ သာသနိကအဆောက်အအုံတွေ ရာနဲ့ချီ ထိခိုက်ပြိုကျပျက်စီးသွားပြီး သံဃာနဲ့သီလရှင်တချို ပျံလွန်တော်မူခဲ့ရပါတယ်။

ကျောင်းပေါင်း ရာနဲ့ချီ ပျက်စီးသွားတာကြောင့် ပြန်လည်တည်ဆောက်ဖို့ ပြည်တွင်း၊ ပြည်ပအလှူရှင်တွေ လိုအပ် တယ်လို့ ကြည့်မြင်တိုင်ချောင်ကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဥူးစက္ကိန္ဒက မိန့်ပါတယ်။ ပြိုကျပြီး လုံးဝသီတင်းသုံးလို့ မရတော့တဲ့ကျောင်းတွေက သံဃာနဲ့ သီလရှင်တွေအနေနဲ့ သင့်လျော်သလို ယာယီ ပြောင်းရွှေ့ သီတင်းသုံးနေကြရတာပါ။ ပျက်စီးသွားတဲ့ကျောင်းတွေကို ပြန်လည်တည်ဆောက်ဖိုအတွက်ဆိုရင် ကိုယ်ထူကိုယ်ထလုပ်ဖို့က လုံးဝ မလွယ်ကူဘူးလို့ သစ္စာသိင်္ဂီကျောင်းတိုက်က ဆရာကြီး ဒေါ်ပါရမီက မိန့်ပါတယ်။

ဒါ့အပြင် ပြိုကျပျက်စီးသွားတဲ့ ကျောင်းဆောင်တွေကို ရှင်းလင်းဖို့အတွက်လည်း အကူအညီလိုအပ်တယ်လို့ ရတနာရွှေကူချောင် ရေကြည်ကျောင်းတိုက်က ဆရာကြီး ဒေါ်ဥတ္တရထေရီက မိန့်ပါတယ်။ စစ်ကိုင်းတောင်ရိုးက ပျက်စီးသွားတဲ့ဘုန်းတော်ကြီးကျောင်းတွေနဲ့ သီလရှင်ကျောင်းတွေကို ဆွမ်းဆန်၊ ရေသန့်နဲ့ တခြားလိုအပ်တဲ့ပစ္စည်းတွေကို အလှူရှင်တွေက လာရောက်လှူဒါန်းတာတွေ ရှိပေမယ့် ရေရှည်ပြန်လည် ထူ ထောင်ရေးအတွက်ကိုတော့ အခက်တွေ့နေကြတယ်လို့ သိရပါတယ်။