ငါးလုပ်ငန်းဦးစီးဌာနအနေနဲ့ ငါးနဲ့ပတ်သက်တဲ့ပညာရှင်တွေ မွေးထုတ်ပေးနိုင်ဖို့ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် သင်တန်းသားတွေ တိုးမြှင့်ခေါ်ယူသွားမယ်လို့ ငါးလုပ်ငန်းဦးစီးဌာန၊ ဖွံ့ဖြိုးရေးနှင့်သုတေသနဌာနခွဲက ဦးစီးအရာရှိ ဦးမျိုးဇော်လင်းကပြောပါတယ်။ ငါးလုပ်ငန်းသိပ္ပံကျောင်းကို စိုက်ပျိုးရေးသိပ္ပံကျောင်းတွေနည်းတူ ၃ နှစ် သင်တန်းအဖြစ် ဖွင့်လှစ်သွားမှာဖြစ်ပြီး တက္ကသိုလ်ဝင်တန်းကို သိပ္ပံဘာသာတွဲနဲ့ အောင်မြင်ပြီး အသက် ၂၂ နှစ် အောက် ကျောင်းသားကျောင်းသူတွေ လျှောက်ထားနိုင်မှာ ဖြစ်တယ်လို့သိရပါတယ်။

ငါးလုပ်ငန်းသိပ္ပံကျောင်းမှာတော့ ငါးအမျိုးအမည်သရုပ်ခွဲတာ၊ ငါးအစာအာဟာရ၊ ငါးအစာနဲ့ ငါးစာကျွေးတာ၊ မျိုးပွားခြင်းဆိုင်ရာဇီဝဗေဒ၊ ရေချိုငါးသယံဇာတနဲ့ ဂေဟစနစ်၊ ငါးလုပ်ငန်းဆိုင်ရာ ဇီဝဗေဒအပါအဝင်စတဲ့ ဘာသာရပ် ၁၁ ခုနဲ့ သင်ကြားပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
သင်တန်းတက်ရောက်လိုသူတွေအနေနဲ့ နီးစပ်ရာ ငါးလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်နဲ့ ငါးလုပ်ငန်းစခန်းတွေမှာ အခမဲ့လျှောက်လွှာယူပြီး စက်တင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထား လျှောက်ထားရမှာဖြစ်ပါတယ်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ ပထမဆုံး စတင်ဖွင့်လှစ်ခဲ့တဲ့တုန်းကတော့ သင်တန်းသား သင်တန်းသူ ၆၆ ယောက် လက်ခံသင်ကြားပေးခဲ့တာဖြစ်ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ အယောက် ၄၀ နဲ့ အခုနှစ်မှာတော့ အယောက် ၁၀၀ အထိ တိုးမြှင့်လက်ခံသင်ကြားပေးဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။