ငလျင်နဲ့ပတ်သက်ပြီး အသိပညာပေးနဲ့ ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုတွေ လုပ်ထားသင့်တယ်လို့ မြန်မာနိုင်ငံ ငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစောထွေးဇော်က ပြောပါတယ်။ ဧပြီလ ၂၃ ရက်မွန်းလွဲပိုင်းက နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာနမှာ ကျင်းပတဲ့ မြေငလျင်ဒဏ်သင့် အဆောက်အဦတွေ ဘေးအန္တရာယ်ကင်းရှင်းမှု စစ်ဆေးရေးဦးစီးကော်မတီရဲ့ လုပ်ငန်းညှိနှိင်းအစည်းအဝေးအပြီးမှာ one news မေးမြန်းမှုကို ဦးစောထွေးဇော်က ဖြေကြားသွားတာပါ။

အခုအခါ မြေငလျင်အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတဲ့ Earthquake Clinic ကို ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်တွေမှာ ဖွင့်လှစ်ထားပါတယ်။ လူနေတိုက်ခန်းတွေရဲ့ ဆောက်လုပ်ရေး အရည်အသွေးပိုင်းကိုလည်း အရင်က ရန်ကုန်က မြို့နယ်အချို့မှာ စစ်ဆေးခဲ့ကြပေမယ့် ဆက်လက်ပြီး စစ်ဆေးလေ့လာတာတွေ ဆောင်ရွက် သွားသင့်တယ်လို့လည်း ဦးစောထွေးဇော်က ပြောပါတယ်။ မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်က ငလျင်လှုပ်ခတ်အပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေနဲ့ ပညာပေးလုပ်ငန်း တွေအတွက် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၊ HPBC အထပ်မြင့် ပညာရှင်အဖွဲ့၊ မြန်မာနိုင်ငံ ငလျင်ကော်မတီတို့က ပူးပေါင်းပါဝင်ဆောင်ရွက်နေကြပါတယ်။