ပညာရေးဝန်ကြီးဌာနအနေနဲ့ ကျောင်းသားလူငယ်တိုင်း အားကစားနည်းတစ်မျိုးမျိုးကို ပါဝင်ကစားစေဖို့ စီမံကိန်း ချမှတ်ဆောင်ရွက်တာနဲ့ အားကစားပြက္ခဒိန်ရေးဆွဲပြီး အခြေခံပညာအဆင့်ကနေ ကောလိပ်၊တက္ကသိုလ်အဆင့် ပြိုင်ပွဲတွေကို နှစ်စဉ်ကျင်းပနိုင်အောင် စီစဉ်ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

ဒီဇင်ဘာ ၉ ရက်ကကျင်းပတဲ့ အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က အခုလို ပြောကြားလိုက်တာပါ။နိုင်ငံရဲ့ပညာရေးစနစ်ဟာ ကျောင်းသားဗဟိုပြုစနစ်ဖြစ်တဲ့အတွက် အားကစားကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်ဖို့ အားသာချက်တစ်ရပ်လို ဖြစ်နေတာကြောင့် ကျောင်းစာသင်ချိန်တွေမှာ အားကစားချိန်ကို ထည့်သွင်းပေးထားပြီး အားကစားနည်းတစ်ခုခုကို မသင်မနေရ သင်ကြားစေရေး ထည့်သွင်းပြဋ္ဌာန်းပေးထားတယ်လို့ ဆိုပါတယ်။

လာမယ့်နှစ်တွေမှာ ကျောင်းသားနဲ့ လူငယ်အားကစားပြိုင်ပွဲတွေ ကျင်းပနိုင်ရေးနဲ့ ဝန်ကြီးဌာနပေါင်းစုံ ပြိုင်ပွဲတွေ အပြင် အဆင့်မြင့်အားကစားပြိုင်ပွဲတွေ ကျင်းပနိုင်ရေးတို့ကိုလည်း အားကစားပြက္ခဒိန်မှာ ထည့်သွင်းရေးဆွဲပြီး မြန်မာ့အားကစားအဆင့်အတန်း ပြန်လည်တိုးတက်အောင် ဆောင်ရွက်ကြရမှာဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။