နိုင်ငံတော်ရဲ့ပံ့ပိုးမှုကြောင့် မြန်မာနိုင်ငံလူဦးရေရဲ့ ၅ ရာခိုင်နှုန်းခန့်သာ စာတတ်မြောက်ဖို့ကျန်ရှိတော့တာဖြစ်တယ်လို့ မြန်မာနိုင်ငံစာတတ်မြောက်ရေးနှင့်ဒေသဖွံ့ဖြိုးမှုကူညီရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသန့်ကပြောပါတယ်။
စက်တင်ဘာ ၁၅ ရက်က ရန်ကုန်မြို့ ဇီဝိတဒါနသံဃာ့ဆေးရုံမင်္ဂလာခန်းမမှာ ကျင်းပပြုလုပ်တဲ့ မြန်မာအသုံးလုံး နှစ် ၆၀ ပြည့်အထိမ်းအမှတ်အခမ်းအနားမှာ ပြောကြားခဲ့တာပါ။ စာတတ်မြောက်ရေးလှုပ်ရှားမှုအဖြစ် ၁၉၆၄ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အထိ ၂၄ နှစ်တာကာလအတွင်း မြို့နယ်ပေါင်း ၁၅၅ မြို့မှာ စေတနာလုပ်အားပေး ၄ သိန်း ၉ သောင်းကျော်ရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ သက်ကြီးစာတတ်လာသူ ၂ သန်း ၄ သိန်းကျော် ပေါ်ထွက်ခဲ့တယ်လို့ ဦးမျိုးသန့်ကပြောပါတယ်။

စာတတ်မြောက်ရေးလှုပ်ရှားမှုမှာ တက္ကသိုလ်က စေတနာလုပ်အားပေး ဆရာ၊ဆရာမတွေနဲ့ ကျောင်းသား၊ကျောင်းသူတွေ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာဖြစ်ပြီး နွေရာသီကာလတွေမှာ သက်ကြီးမြန်မာစာကို ဖတ်တတ် ရေးတတ်အောင်သင်ကြားပေးခဲ့ကြတာဖြစ်ပါတယ်။
၁၉၈၈ ခုနှစ် နောက်ပိုင်းမှာတော့ ကျောင်းပြင်ပပညာရေးအဖြစ် ပြောင်းလဲအကောင်အထည်ဖော် ဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်။