မကွေးတိုင်းအတွင်းမှာ ၂၀၂၄ ခုနစ်၊ မတ်လမှာကျင်းပမယ့် တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာန ၄၄ ခုထားရှိမှာ ဖြစ်တယ်လို့ တိုင်းဒေသကြီးပညာရေးမှူးရုံးကနေသိရပါတယ်။ အခုနှစ်စာမေးပွဲဟာ စနစ်သစ်သင်ရိုးကိုဖြေဆိုရမယ့် ပထမဆုံးအကြိမ် တက္ကသိုလ်ဝင်စာမေးပွဲဖြစ်ပြီး မကွေးတိုင်းအတွင်းက ကျောင်းသား၊ ကျောင်းသူအယောက် ၉၈၀၀ ဝန်းကျင်လောက် ဝင်ရောက်ဖြေဆိုမှာ ဖြစ်တယ်လို့သိရပါတယ်။
စနစ်သစ်သင်ရိုးဖြစ်တဲ့အတွက် အခုလာမယ့်တက္ကသိုလ်ဝင်စာမေးပွဲဟာ ကျောင်းသားတွေအတွက်သာမက ဆရာ၊ ဆရာမတွေ အတွက်လည်း စိန်ခေါ်မှုတစ်ရပ်ဖြစ်တယ်လို့ တိုင်းပညာရေးမှူးကပြောပါတယ်။ မကွေးတိုင်းကအောင်ချက်အကောင်းဆုံးဖြစ်ဖို့အတွက် ကျောင်းသားတွေကိုအစမ်းစာမေးပွဲဖြေဆိုတာ၊ ဆရာတွေကို တိုင်းအတွင်း ရှိတက္ကသိုလ်ကဆရာတွေနဲ့ပူးပေါင်းပြီး မွမ်းမံသင်တန်းတွေဖွင့်လှစ်သင်ကြားပေးခဲ့တယ်လို့လည်း မကွေးတိုင်း ပညာရေးမှူး ဦးသက်လေးဦးကပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က မကွေးတိုင်းဟာတက္ကသိုလ်ဝင်စာမေးပွဲမှာအောင်ချက်အကောင်းဆုံးတိုင်းဖြစ်ခဲ့ပြီး အခုနှစ်မှာလည်း အရင်နှစ်လို အောင်ချက်အကောင်းဆုံးရဖို့အတွက် လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။ ၂၀၂၃ ခုနစ်တက္ကသိုလ်ဝင်စာမေးပွဲမှာတော့ မကွေး တိုင်းအတွင်း စာစစ်ဌာန ၅၃ ခုရှိခဲ့ပြီး ဖြေဆိုသူကျောင်းသား၊ ကျောင်းသူ ၁၂၀၀၀ ရှိခဲ့တယ်လို့သိရပါတယ်။