မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူနဲ့ မင်းဘူး(စကု)မြို့နယ်တွေမှာ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ယာယီ ပိတ်ထားရတဲ့ စာသင်ကျောင်းအချို့ကို ပြန်လည်ဖွင့်လှစ်လိုက်ပြီ ဖြစ်တယ်လို့ သက်ဆိုင်ရာ မြို့နယ်ပညာရေး မှူးရုံးတွေဆီက သိရပါတယ်။
ပွင့်ဖြူမြို့နယ်မှာ ရေဝင်ရောက်ခဲ့တဲ့ စာသင်ကျောင်း ၃၀ ကို ယာယီပိတ်ထားခဲ့ရာ အခုအခါ မြစ်ရေ ပြန်လည်ကျ ဆင်း သွားတဲ့အတွက် ဇူလိုင် ၂၅ ရက်၊ မနက်ပိုင်းက ယာယီပိတ်ထားရတဲ့ စာသင်ကျောင်းအချို့ကို ပြန်လည် ဖွင့်လှစ်ပြီး ပညာသင်ကြားပေးနေပြီ ဖြစ်တယ်လို့ မြို့နယ်ပညာရေးမှူး ဒေါ်ညွန့်ညွန့်ဌေးက ပြောပါတယ်။
ယာယီကျောင်းပိတ်ထားတဲ့ကာလအတွင်း ကျောင်းသင်ခန်းစာတွေ နောက်မကျစေဖို့နဲ့ စာသင်ရက်တွေကို တနင်္ဂနွေ ကျောင်းပိတ်ရက်တွေမှာ အစားထိုး ဖွင့်လှစ်သင်ကြားပေးဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

အလားတူ မင်းဘူးမြို့မှာလည်း ဧရာဝတီမြစ်ရေ ပြန်လည်ကျဆင်းလာတဲ့အတွက် ယာယီပိတ်ထားရတဲ့ စာသင်ကျောင်း ၁၀ ကျောင်းအနက် စာသင်ကျောင်းအချို့ဟာ ဇူလိုင် ၂၃ ရက်ကစပြီး ပြန်လည် ဖွင့်လှစ်သင်ကြား နေပြီ ဖြစ်တယ်လို့ မင်းဘူးမြို့နယ်ပညာရေးမှူးရုံးက သိရပါတယ်။
ဒါ့အပြင် မြစ်ရေဝင်ရောက်မှု ရှိနေသေးတဲ့ စာသင်ကျောင်းတွေကိုလည်း မြစ်ရေကျဆင်းရင် ပြန်လည်ဖွင့်လှစ် သင်ကြားသွားမယ်လို့ သိရပါတယ်။