ပြည်ပနိုင်ငံတွေမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုများလာသလို မြန်မာနိုင်ငံကနေပညာတော်သင် သွားရောက် ရင်း တစ်ဖက်တစ်လမ်းကနေ အချိန်ပိုင်းအလုပ်လုပ်ကိုင်သူတွေလည်း အရင်ထက်ပိုများလာတယ်လို့ ပြည်ပ ပညာ တော်သင်နဲ့အလုပ်အကိုင်အခွင့်အလမ်းတွေဖော်ဆောင်ပေးနေသူအချို့က ပြောပါတယ်။

ဇန်နဝါရီလ(၁၉)ရက် မနက်ပိုင်းက ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်းရှိ Cherry Land Tea and Food မှာပြုလုပ်တဲ့ FGL Institute နဲ့ Korea Work Hub ကုမ္ပဏီတို့ပူးပေါင်းဆောင်ရွက်မယ့် ကိုရီးယားနိုင်ငံ မှာ ပညာတော်သင်ကြားရင်း အလုပ်လုပ်ကိုင်နိုင်မယ့် အခွင့်အလမ်းတွေနဲ့ပတ်သက်တဲ့ အသိပညာပေး ဆွေးနွေးပွဲ မှာ one news ရဲ့သီးခြားမေးမြန်းမှုအပေါ် အခုလို ပြောကြားခဲ့ကြတာပါ။လက်ရှိ ပညာတော်သင်သွားရောက်ရင်း အချိန်ပိုင်းအလုပ်လုပ်ကိုင်ဖို့ သွားရောက်သူတွေထဲမှာ အမျိုးသားတွေ ထက် အမျိုးသမီးတွေကပိုများပြီး သွားရောက်မှု အများဆုံးနိုင်ငံတွေနဲ့ ကြိုတင်လေ့လာသင်ယူထားသင့်တဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ FGL Institute မှ Master Trainer တွေဖြစ်တဲ့ ဒေါက်တာတင်ထွန်းအောင်နဲ့ ဦးလှဝင်းဌေးတို့က ပြောပါတယ်။

လက်ရှိကိုရီးယားနိုင်ငံမှာပညာသင်ကြားရင်း အချိန်ပိုင်းအလုပ်လုပ်သူတွေအနေနဲ့ နေရာဒေသပေါ်မူပြီး ဝန်ဆောင် မှုလုပ်ငန်းတွေ၊ စက်မှုလုပ်ငန်းတွေကို အများအားဖြင့် လုပ်ကိုင်တတ်ကြကာ တစ်လကို ပျမ်းမျှဝမ်(၁၀)သိန်းကနေ (၁၅)သိန်းဝန်းကျင်လောက် ရရှိတတ်ကြပါတယ်။ကိုရီးယားနိုင်ငံကို အခု ၂၀၂၅ ခုနှစ်အတွက် လုပ်သားစေလွှတ်မှုကိုတော့ ဇန်နဝါရီ ၁၄ ရက်နဲ့ ၁၅ ရက်မှာ စတင် စေလွှတ်မှာဖြစ်ပြီး လုပ်သားတစ်သောင်းကျော် စေလွှတ်သွားမှာဖြစ်သလို အသစ်ထပ်တိုးခေါ်ယူတဲ့ ဝန်ဆောင်မှု လုပ်ငန်းအမျိုးအစားအတွက် အမျိုးသမီးလုပ်သားတွေကိုလည်း စေလွှတ်သွားမှာဖြစ်တယ်လို့ POEA ကနေ သိရပါတယ်။ လက်ရှိမှာတော့ ပြည်ပနိုင်ငံတွေကို အလုပ်လုပ်ကိုင်ဖို့ သီးခြား သွားရောက်ကြသူတွေနဲ့ ပညာ သင်ကြားဖို့ သွားရောက်ရင်းအချိန်ပိုင်းအလုပ်လုပ်ကိုင်သူတွေလည်း များပြားလာနေပါတယ်။