တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်ပြီး ထိန်းသိမ်းကြပ်မတ်ဖို့ တာဝန်ရှိသူတွေအနေနဲ့ ကြပ်ကြပ်မတ်မတ် ထိန်းသိမ်း ဆောင်ရွက်သွားဖို့လိုတယ်လို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောပါတယ်။
ဇူလိုင်၂၉ ရက်မှာ ပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခုလိုပြောကြားလိုက်တာပါ။

အမှုအခင်းတွေဖြစ်ပွားမှုအများစုမှာ အသိပညာအားနည်းတာနဲ့ ငွေကြေးအခက်အခဲကို မမှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ ကြိုးပမ်းတာတွေကြောင့်ဖြစ်တာကို တွေ့ရတဲ့အတွက် အမှုအခင်း ဖြစ်ပွားမှုများပြားတဲ့ဒေသတွေမှာ ဥပဒေပိုင်းဆိုင်ရာ အသိပညာပေးမှုတွေ၊ ထိန်းသိမ်းကြပ်မတ်မှုတွေကို ထိထိမိမိ ဆောင်ရွက်သွားကြဖို့ကိုလည်းမှာကြားသွားပါတယ်။
ဒါ့အပြင် ဆရာ၊ဆရာမတွေအနေနဲ့ကလည်း KG+11 နဲ့ KG+12 ကျောင်းသားကျောင်းသူတွေကို ဥပဒေပိုင်းဆိုင်ရာအခြေခံတွေကို သိရှိနိုင်ရေးအတွက် ဥပဒေပိုင်းဆိုင်ရာ အခြေခံအသိအမြင်တွေကိုသင်ကြားပို့ချပေးသွားဖို့ လိုတယ်လို့ဆိုပါတယ်။ အဲဒီလိုတွေ ဆောင်ရွက်သွားမယ်ဆိုရင် မှုခင်းဖြစ်ပွားမှုတွေ လျော့နည်းကျဆင်းသွားအောင် အထောက်အကူပြုနိုင်မှာဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသွားပါတယ်။