နိုင်ငံတော်အနေနဲ့ မြန်မာပြည်အထက်ပိုင်းနဲ့ အောက်ပိုင်းတို့မှာ စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်တွေ အသစ် ဖွင့်လှစ်ဖို့ ဆောင်ရွက်နေတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ပြောပါတယ်။

ဇန်နဝါရီလ ၂၀ ရက် မနက်ပိုင်းက နေပြည်တော်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ရာပြည့်အဆောက်အအုံ အစည်းအဝေးခန်းမမှာပြုလုပ်တဲ့ စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်များ တိုးချဲ့ဖွင့် လှစ်နိုင်ရေး ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ အခုလို ပြောကြားခဲ့တာပါ။အစည်းအဝေးမှာ နေပြည်တော်ရေဆင်းရှိ စိုက်ပျိုးရေးတက္ကသိုလ်နဲ့ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တို့မှာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးဆိုင်ရာ ပညာရှင်တွေ နှစ်စဉ်သင်ကြားမွေးထုတ်ပေးနေပေမယ့် လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ပြောပါတယ်။

နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ဇန်နဝါရီလ ၁၇ ရက်က ပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးအထက်တန်းကျောင်းတွေ တိုးချဲ့ဖွင့်လှစ်ပေး သွားမယ်လို့ ပြောကြားခဲ့ပါသေးတယ်။