Pyaing San Badminton Tournament 2026 ပြိုင်ပွဲ၌ ဆုတံဆိပ် ၉၆ ဆု ချီးမြှင့်
One News
Nov 24, 2026
Pyaing San Badminton Tournament 2026 ပြိုင်ပွဲမှာ ဆုတံဆိပ် ၉၆ ဆု ချီးမြှင့်ခဲ့တယ်လို့ Pyaing San Sport Event Management က သိရပါတယ်။
မြန်မာ့ကြက်တောင်အားကစားလောက ဖွံ့ဖြိုးတိုးတက်စေဖို့၊ အားကစားသမားတွေ အချင်းချင်း ချစ်ကြည် ရင်းနှီးမှု ပိုမိုခိုင်မာစေဖို့နဲ့ နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ် ကြက်တောင် အားကစားသမားကောင်းတွေ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ဖို့ ရည်ရွယ်ပြီး မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်နဲ့ Pyaing San Sport Event Management တို့ ပူးပေါင်းပြီး Pyaing San Badminton Tournament 2026 ကြက်တောင်ပြိုင်ပွဲကို ကျင်းပ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ Pyaing San Sport Event Management ရဲ့ Founder ဦး Justin ခိုင်ထက်ထွန်းက ပြောပါတယ်။
Pyaing San Badminton Tournament 2026 ပြိုင်ပွဲကို နိုဝင်ဘာလ ၂၁ ရက်ကနေ ၂၃ ရက်အထိ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ် အမျိုးသားကြက်တောင်အားကစားခန်းမ၊ ဒုတိယထပ်မှာ ကျင်းပပြုလုပ်ခဲ့ပြီး ဆုချီးမြှင့်ပွဲနဲ့ ပိတ်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၃ ရက် ညနေပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။
ဒီပြိုင်ပွဲမှာ အသက် ၁၃ နှစ်အောက် အမျိုးသားနှစ်ယောက်တွဲပွဲစဉ်နဲ့ အမျိုးသမီး နှစ်ယောက်တွဲပွဲစဉ်၊ အသက် ၁၅ နှစ်အောက် အမျိုးသားနှစ်ယောက်တွဲပွဲစဉ်နဲ့ အမျိုးသမီးနှစ်ယောက်တွဲပွဲစဉ် ၊ အသက် ၁၇ နှစ်အောက် အမျိုးသားနှစ်ယောက်တွဲပွဲစဉ်နဲ့ အသက် ၁၇ နှစ်အောက် အမျိုးသမီးနှစ်ယောက်တွဲပွဲစဉ်၊ လူသစ်တန်း အမျိုးသားနှစ်ယောက်တွဲပွဲစဉ်နဲ့ အမျိုးသမီး နှစ်ယောက်တွဲပွဲစဉ်၊ လူသစ်တန်း အမျိုးသားအမျိုးသမီး နှစ်ယောက်တွဲပွဲစဉ်၊ ဝါသနာရှင်တန်း အမျိုးသား အမျိုးသမီး နှစ်ယောက်တွဲပွဲစဉ်၊ ဝါသနာရှင်တန်း အမျိုးသားနှစ်ယောက်တွဲပွဲစဉ်နဲ့ ဝါသနာရှင်တန်း အမျိုးသမီး နှစ်ယောက်တွဲပွဲစဉ်တွေ ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
ပြိုင်ပွဲကို ရန်ကုန်အပါအဝင် အနယ်နယ်အရပ်ရပ်က ကြက်တောင်အားကစားသမား စုစုပေါင်း ၆၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲကာလအတွင်း စိတ်လှုပ်ရှားဖွယ် ပွဲစဉ်ပေါင်း ၃၆၀ ပွဲအထိ အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ကြတယ်လို့ သိရပါတယ်။ပြိုင်ပွဲနောက်ဆုံးနေ့ ဗိုလ်လုပွဲစဉ်တွေ ယှဉ်ပြိုင်ကစားအပြီးမှာ ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲအမျိုးအစား တစ်ခုချင်းစီအလိုက် ပထမဆု၊ ဒုတိယဆုနဲ့ ပူးတွဲတတိယဆု ရရှိခဲ့ကြတဲ့ အားကစားသမားတွေ ကို မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ် ဥက္ကဋ္ဌ ၊ Pyaing San Sport Event Management က တာဝန်ရှိသူတွေနဲ့ ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ပံ့ပိုးကူညီကြတဲ့ ကုမ္ပဏီအသီးသီးက တာဝန်ရှိသူတွေက ဂုဏ်ပြု ငွေသားဆုတွေနဲ့ တစ်ဦးချင်းဆုတံဆိပ်တွေကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE