ဧရာဝတီတိုင်း၌ တန်ဆောင်တိုင်မီးမျှောပွဲနှင့်စျေးရောင်းပွဲတော် ကျင်းပမည်
One News
Nov 17, 2026
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ စီစဉ်ကြီးကြပ်မှုနဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှာ MSMEs စျေးရောင်း ပွဲတော်၊ တန်ဆောင်တိုင်မီးမျှောပွဲ၊ နိဗ္ဗာန်စျေးပွဲတော်နဲ့ တေးဂီတဖျော်ဖြေပွဲတွေကို နိုဝင်ဘာ လ ၂၂ ရက်ကနေ ၂၄ ရက်အထိ ၃ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်တယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ သိရပါတယ်။
တေးဂီတဖျော်ဖြေပွဲ အစီအစဉ်တွေအနေနဲ့ ပုသိမ်မြို့၊ မြို့တော်ခန်းမရှေ့မှာ တေးသံရှင်ထွန်းထွန်း၊ J-Fire ၊ Bobby Soxer ၊ နန်းခင်ဇေယျာနဲ့ နွေးနွေးချစ်ဖွယ်တို့ အပါအဝင် ဂီတအနုပညာရှင် များစွာက တေးသီချင်းတွေနဲ့ ညစဉ် ၇ နာရီအချိန်ကနေ စတင်ကာ သီဆိုဖျော်ဖြေတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ဧရာဝတီတိုင်းဒေသကြီးတန်ဆောင် တိုင်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို နိုဝင်ဘာလ ၁၆ ရက်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)မှာ ကျင်းပခဲ့ပြီး အခမ်း အနားကို တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
အစည်းအဝေးမှာ တန်ဆောင်တိုင်ပွဲတော် ကျင်းပမယ့်ရက်နီးကပ်လာပြီဖြစ်တာကြောင့် ကော်မတီတွေအနေနဲ့ လုပ်ငန်းတာဝန်တွေကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြဖို့၊ ကော်မတီတွေအလိုက် လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ စနစ်တကျ ရှိစေရေးနဲ့ အသုံးစရိတ်တွေ စိစစ်သုံးစွဲကြဖို့၊ ပြည်သူတွေ စိတ်အေးချမ်းသာပျော်ရွှင်စွာ အပန်းဖြေ နိုင်ဖို့နဲ့ တန်ဆောင်တိုင်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူတွေအားလုံး ပူးပေါင်းဆောင် ရွက်ကြဖို့တို့ကို တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်က မှာကြားခဲ့တယ်လို့ သိရပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE