လျှပ်စစ်ခရီးသည်တင်လေယာဉ် တရုတ် စမ်းသပ်ပျံသန်းနိုင်ခဲ့
One News
Nov 21, 2026
တရုတ်နိုင်ငံဟာ လူ ၁၉ ယောက်အထိ တင်ဆောင်နိုင်တဲ့ လျှပ်စစ်စွမ်းအင်သုံး ခရီးသည်တင်လေယာဉ်ကို ပထမဆုံးအကြိမ် လူလိုက်ပါပြီး စမ်းသပ်ပျံသန်းနိုင်ခဲ့ပြီ ဖြစ်တယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။
အဲဒီ စမ်းသပ်ပျံသန်းမှုကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်က တရုတ်နိုင်ငံ၊ ရှန်တုံပြည်နယ်၊ ဘင်ကျိုးမြို့မှာ ပြုလုပ်ခဲ့တာပါ။အလေးချိန် ၁၀ တန်ဝန်းကျင်ရှိတဲ့ အဲဒီလေယာဉ် ပေါ်မှာ လေယာဉ်မှူး နှစ်ယောက်နဲ့ ပျံသန်းမှုစမ်းသပ်ရေး အင်ဂျင်နီယာတစ်ယောက် လိုက်ပါခဲ့ပါတယ်။
စမ်းသပ်ပျံသန်းချိန်ဟာ ၅၇ မိနစ် နဲ့ ၄၆ စက္ကန့် ကြာမြင့်ခဲ့ပြီး အဲဒီအထဲမှာ လေထဲပျံသန်းခဲ့တဲ့အချိန်က ၁၆ မိနစ် နဲ့ ၃၈ စက္ကန့် ရှိပါတယ်။ ပျံသန်းခဲ့တဲ့ အကွာအဝေးကတော့ ၆၀ ဒသမ ၄ ကီလိုမီတာ ဖြစ်ပါတယ်။အဲဒီ လေယာဉ်ကို ဒေသတွင်း ခရီးတိုလမ်းကြောင်းတွေမှာ အသုံးပြုနိုင်ဖို့ ရည်ရွယ် တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒီလေယာဉ်ရဲ့ ထူးခြားချက်ကတော့ ပုံမှန်ခရီးသည်တင်လေယာဉ်တွေလို ဂျက်အင်ဂျင် ဒါမှမဟုတ် တာဘိုပရော့အင်ဂျင်တွေကို အသုံးမပြုတာပါပဲ။
အဲဒီအစား လေယာဉ်တောင်ပံတစ်လျှောက်မှာ တပ်ဆင်ထားတဲ့ လျှပ်စစ်ပန်ကာအင်ဂျင် ၁၀ လုံးကို အသုံးပြုထားပါတယ်။အဲဒီအင်ဂျင်တွေကို ဘက်ထရီစနစ်ကနေ လျှပ်စစ်ဓာတ်အားပေးပြီး မောင်းနှင်တာ ဖြစ်ပါတယ်။ဒီလေယာဉ်ကို တရုတ်လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ COMAC က အခြားမိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းတည်ဆောက်ထားတာပါ။ပူးပေါင်းပါဝင်တဲ့ အဖွဲ့အစည်းတွေထဲမှာ ဘက်ထရီထုတ်လုပ်ရေးကုမ္ပဏီ CATL နဲ့ Shanghai Jiao Tong University တို့လည်း ပါဝင်ပါတယ်။
တရုတ်နိုင်ငံရဲ့ လေကြောင်းထိန်းသိမ်းရေးအာဏာပိုင်အဖွဲ့ကလည်း CE-25A အတွက် Type Certificate လို့ခေါ်တဲ့ လေယာဉ်အမျိုးအစား အသိအမှတ်ပြုလက်မှတ် လျှောက်ထားမှုကို လက်ခံထားပြီး ဖြစ်ပါတယ်။ဒါပေမဲ့ လက်ရှိအချိန်အထိတော့ ဒီလေယာဉ်ဟာ စီးပွားဖြစ် ခရီးသည်တွေကို တင်ဆောင်ပျံသန်းခွင့်ရရှိထားတာ မရှိသေးသလို လေကြောင်းဘေးကင်းလုံခြုံရေးဆိုင်ရာ စမ်းသပ်စစ်ဆေးမှုတွေနဲ့ ခွင့်ပြုချက်တွေကို ဆက်လက်ရယူဖို့လည်း လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE