ရာဇဝတ်မှု • 1 min read
သတင်း

မန္တလေးတွင် လူသတ်လုယက်မှု ကျူးလွန်သူအမျိုးသားကို ဖမ်းမိ

One News

Nov 17, 2026

မန္တလေးတွင် လူသတ်လုယက်မှု ကျူးလွန်သူအမျိုးသားကို ဖမ်းမိ
0 Shares
6 Views

 

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်၊ ချမ်းအေးသာစံနဲ့ ပုသိမ်ကြီးမြို့နယ်တို့မှာ သေနတ်ပစ်ခတ်ပြီး လုယက်မှု နဲ့ လူသတ်မှု ကျူးလွန်ခဲ့သူ အမျိုးသားကို သက်သေခံပစ္စည်းတွေနဲ့ ဖမ်းဆီးရမိတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က နိုဝင်ဘာလ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်၊ ညနေပိုင်းက ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ ၅၈ လမ်း၊ ၁၁၃ လမ်းနဲ့ ၁၁၄ လမ်းကြားရှိ “ရှိုင်း” Baby Store ဆိုင်မှာ အမျိုးသားတစ်ယောက်က သေနတ်ပြ ခြိမ်းခြောက်ပြီး ငွေကျပ်ငါးသိန်း လုယက်ယူဆောင်သွားမှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ နိုဝင်ဘာလ ၄ ရက်၊ ညနေပိုင်းကလည်း အဲဒီအမျိုးသားဟာ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ် ကွက်၊ ၅၈ လမ်း၊ ၃၂ လမ်း နဲ့ ၃၂ လမ်း(A) လမ်းကြားရှိ Lwin Mobile Phone အရောင်းဆိုင်မှာ ဆိုင်ဝန်ထမ်းတွေ ကို သေနတ်ပြ ခြိမ်းခြောက်ပြီး လက်ကိုင်ဖုန်းမျိုးစုံ ငါးလုံးကို လုယက်ယူဆောင်သွားခဲ့သလို နိုဝင်ဘာလ ၅ ရက်၊ မွန်းလွဲပိုင်းကလည်း ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ကျေးရွာ ကားလမ်းဘေးရှိ “ထာဝရ” ဖုန်းဆိုင်မှာ သေနတ် ပြ ခြိမ်းခြောက် ငွေတောင်းခံရာ ငွေမရရှိလို့ ဆိုင်ပိုင်ရှင်ဖြစ်သူကို သေနတ်နဲ့ ပစ်ခတ်ခဲ့ရာ ဆိုင်ပိုင်ရှင်မှာ ဦးခေါင်း ကျည်ထိမှန်ဒဏ်ရာ ရရှိပြီး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီဖြစ်စဉ်မှာ သေနတ်နဲ့ ပစ်ခတ်သွားသူကို အမျိုးသားနှစ်ယောက်က Toyota Crown ယာဉ်နဲ့ လိုက်လံဖမ်းဆီး ရာ လိန်ပင်ကျေးရွာ၊ ရွာလယ်လမ်းအရောက်မှာ ကျူးလွန်သူက သေနတ်နဲ့ ထပ်မံပစ်ခတ်ပြီး လက်ပစ်ဗုံးနဲ့ ပစ်ပေါက်ခဲ့လို့ လိုက်လံ ဖမ်းဆီးသူ အမျိုးသားနှစ်ယောက်လည်း သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။ ဆက်လက်ပြီး ကျူးလွန်သူဟာ နိုဝင်ဘာလ ၅ ရက်၊ မွန်းလွဲပိုင်းမှာ ပုသိမ်ကြီးမြို့နယ်၊ လိန်ပင်ကျေးရွာ၊ ရွာလယ် လမ်းအနီး နေထိုင်သူ အမျိုးသမီးတစ်ယောက်ရဲ့ နေအိမ်ကနေ ဆိုင်ကယ်တစ်စီးကို သေနတ်ပြ ခြိမ်းခြောက်ပြီး လုယက်ယူဆောင်ခဲ့ပါတယ်။

ဒါ့အပြင် နိုဝင်ဘာလ ၅ ရက်၊ ညနေပိုင်းမှာ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ကျေးရွာရှိ အမျိုးသမီးတစ်ယောက် ရဲ့ ကုန်စုံဆိုင်မှာ သေနတ်ပြခြိမ်းခြောက်ပြီး ငွေကျပ်သိန်း(၄၀)ကို လုယက်ယူဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ဒါကြောင့် ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ်ခဲ့ရာ နိုဝင်ဘာလ ၁၆ ရက်၊ မနက်ပိုင်းမှာ ပုသိမ်ကြီး မြို့နယ်၊ လိန်ပင်ကျေးရွာ အရှေ့ဘက် စိုက်/မွေး သိပ္ပံကျောင်းရဲ့ တောင်ဘက် သရက်ခြံတောအတွင်းရှိ လျှိုအတွင်း မှာ ပုသိမ်ကြီးမြို့နယ်နေ နေလင်းအောင်ကို ပြစ်မှုကျူးလွန်စဉ်က အသုံးပြုခဲ့တဲ့ ပစ္စတိုသေနတ်တစ်လက်၊ ကျည် တစ်တောင့်၊ လက်ကိုင်ဖုန်းနှစ်လုံးတို့နဲ့အတူ ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
 

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ