၁၀ လအတွင်း ရွှေတိဂုံစေတီသို့ ဘုရားဖူး ၆ သန်းနီးပါး လာရောက်ဖူးမြော်
One News
Nov 17, 2026
ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးကို အခုနှစ် ဇန်နဝါရီလကနေ အောက်တိုဘာလအထိ ၁၀ လအတွင်း ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည် ၆ သန်းနီးပါးလောက် လာရောက်ဖူးမြော် ကြည်ညိုခဲ့တယ်လို့ ရွှေတိဂုံ စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ကနေ သိရပါတယ်။
ဘုရားဖူးဧည့်သည်တွေထဲမှာ နိုင်ငံခြားသား ခရီးသွား ၆၄,၆၀၃ ယောက် ပါဝင်ပြီး ထိုင်း၊ တရုတ်နဲ့ တောင်ကိုရီး ယားနိုင်ငံတွေက ခရီးသွားတွေ အများဆုံး လာရောက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် တစ်နှစ်တာလုံးမှာ နိုင်ငံခြားသား ခရီးသွား ၇၆,၀၀၀ လောက်သာ ဝင်ရောက်ခဲ့တာကြောင့် အခုနှစ်ကုန်မှာ ပိုမိုဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။အခုနှစ် ၁၀ လတာအတွင်း လာရောက်ခဲ့တဲ့ ပြည်တွင်း ဘုရားဖူးဧည့်သည်တွေထဲမှာ သံဃာအပါး တစ်သိန်း ကျော်၊ သီလရှင်အပါး ငါးသောင်းကျော်၊ အမျိုးသားဦးရေ နှစ်သန်းခွဲကျော်နဲ့ အမျိုးသမီးဦးရေ သုံးသန်းကျော် ပါဝင်ပါတယ်။
လအလိုက် ဘုရားဖူးဧည့်သည် ဝင်ရောက်မှုအနေနဲ့ ဖေဖော်ဝါရီလနဲ့ဧပြီလမှာ တစ်လကို ရှစ်သိန်းကျော်စီနဲ့ အများဆုံး ဖြစ်ခဲ့ပြီး အောက်တိုဘာလမှာ ခုနစ်သိန်းကျော်၊ မတ်လမှာ ခြောက်သိန်းကျော်၊ ဇန်နဝါရီလ၊ မေလနဲ့ ဇူလိုင်လတို့မှာ ငါးသိန်းဝန်းကျင်စီနဲ့ ဇွန်လ၊ ဩဂုတ်လနဲ့စက်တင်ဘာလတို့မှာ လေးသိန်းကျော်စီ ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ကြားရက်တွေမှာ တစ်ရက်ကို ဘုရားဖူး တစ်သောင်းကျော် လာရောက်လေ့ရှိပြီး အခါကြီးရက်ကြီးနဲ့ ရုံးပိတ်ရက် တွေမှာ အခုထက် ပိုမိုများပြားတယ်လို့ သိရပါတယ်။
လက်ရှိမှာ ဘုရားဖူးပြည်သူတွေ အဆင်ပြေစွာ လာရောက်ဖူးမြော်နိုင်ဖို့အတွက် ရွှေတိဂုံစေတီတော်မြတ်ကြီးကို နေ့စဉ် မနက် ၄ နာရီကနေ ည ၁၀ နာရီအထိ ဖွင့်လှစ်ပေးထားတာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် တစ်နှစ်တာအတွင်းက ရွှေတိဂုံစေတီတော်မြတ်ကြီးကို သံဃာတော်တွေနဲ့၊ သီလရှင်တွေ အပါအဝင် ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည် စုစုပေါင်း ၇ သန်း နီးပါးလောက် လာရောက် ဖူးမြော်ခဲ့တယ်လို့ သိရပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE