ဘုရားဖူး • 1 min read
သတင်း

ကျိုက်နဲရေလယ်ဘုရားဖူးများ ရေဘေးကင်းရှင်းရန် စည်းကမ်းချက် ထုတ်ပြန်

One News

Nov 22, 2026

ကျိုက်နဲရေလယ်ဘုရားဖူးများ ရေဘေးကင်းရှင်းရန် စည်းကမ်းချက် ထုတ်ပြန်
0 Shares
10 Views

 

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကလောင်းကျေးရွာရှိ ကျိုက်နဲရေလယ် ဆံတော်ရှင် ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကို လာရောက်ကြမယ့် ပြည်သူတွေအနေနဲ့  ရေဘေးကင်းရှင်းစွာ ဖူးမြော် နိုင်ဖို့အတွက် စည်းကမ်းချက်တွေ လိုက်နာဖို့ လိုအပ်တယ်လို့ ကျိုက်နဲ ရေလယ်ဘုရားဂေါပက အဖွဲ့က သိရပါတယ်။

ကျိုက်နဲရေလယ်ဘုရား ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကို ဘုရားဖူးပြည်သူတွေ ရေဘေးကင်းရှင်းစွာ ဖူးမြော်နိုင်ဖို့အတွက်  တန်ဆောင်မုန်းလဆန်း (၁၄)ရက်၊နိုဝင်ဘာလ ၂၃ ရက်က စတင်ပြီး စက်လှေတွေနဲ့ အခမဲ့ အကြို၊ အပို့ ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ဘုရားဖူးတွေအနေနဲ့ တစ်ဦးတစ်ယောက်ချင်း ဖြစ်စေ ၊ အဖွဲ့တွေနဲ့ ဖြစ်စေ ရောက်ရှိရင် ကမ်းခြေဇရပ်ကို အသိပေးကာ အကူအညီ ရယူနိုင်ပြီး ကမ်းခြေရှိ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ရဲ့ စီစဉ်ညွှန်ကြားမှုအတိုင်း လိုက်နာသွားဖို့ကိုလည်း စည်းကမ်းချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မိမိတို့ ဆန္ဒအလျောက် ပင်လယ်ပြင်ကို ဆင်းလျှောက်တာတွေ လုံးဝခွင့်မပြုကြောင်း နဲ့ ဆောင်းဘောက် တင်ယာဥ်တွေ၊ အိတ်ဇောပိုက်ဖြုတ်ထားတဲ့ မော်တော်ဆိုင်ကယ်တွေကို ကမ်းခြေအတွင်းဖြတ်သန်းသွားလာခွင့် ပြုမထားဘူးလို့ သိရပါတယ်။ဘုရားဖူးစက်လှေပေါ် ကို အသက်ကယ်အင်္ကျီတွေ ဝတ်ဆင်ပြီးမှသာ တက်ရောက်ခွင့်ပြုမှာ ဖြစ်ပြီး စည်းကမ်းချက်တွေကို မလိုက်နာသူတွေကိုလည်း ဘုရားဖူး သွားရောက်ခွင့်မပြုဘူးလို့ စည်းကမ်းချက်မှာ ဖော်ပြထားပါတယ်။ကျိုက်နဲ ရေလယ်ဆံတော်ရှင် ဗုဒ္ဓပူဇနိယဘုရား ပွဲတော်ကို တန်ဆောင်းမုန် လဆန်း ၁၄ ရက် ကနေ လပြည့်ကျော် ၃ ရက်အထိ ၅ ရက်ကြာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဘုရားပွဲတော်ကာလမှာ ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ နဲ့ အတူ ဘုရားဖူးတွေကို ရေသန့်၊ အချိုရည် နဲ့ အအေး လှူဒါန်းတာတွေ၊ ထမင်း၊ ဟင်း၊ ဖရဲသီး စတုဒိသာတွေနဲ့ ကျွေးမွေးလှူဒါန်းသွားမှာ ဖြစ်တယ်လို့  ကျိုက်နဲ ရေလယ်ဘုရားဂေါပက အဖွဲ့ကနေ သိရပါတယ်။

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ