၂၀၂၆ ခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ဖွင့်ပွဲ ကျင်းပ
One News
Nov 17, 2026
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့မှာ နိုဝင်ဘာလ ၁၆ ရက်၊ ညနေပိုင်းက တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့တယ်လို့ သိရပါတယ်။
ဖွင့်ပွဲကို အပိုင်းနှစ်ပိုင်းခွဲ ကျင်းပခဲ့တာဖြစ်ပြီး ပထမပိုင်းအဖြစ် တောင်ကြီးမြို့ရှိ စူဠာမုနိလောကချမ်းသာ စေတီ တော်မှာ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးနဲ့ဝန်ကြီးတွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေက ဘုရားဝတ်ပြုလှူဒါန်းကြပြီး စိန်နားပန်မီးပုံးပျံတစ်လုံး လွှတ်တင်ဖွင့်လှစ်ခဲ့ပါတယ်။ဆက်လက်ပြီး ဖွင့်ပွဲဒုတိယပိုင်းအဖြစ် တောင်ကြီးမြို့ရှိ အဝေရာမီးပုံးပျံကွင်းအတွင်းမှာ ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နဲ့ဝန်ကြီးတွေ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည် တော်တွေ တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားမှာ တိုင်းရင်းသား၊ တိုင်းရင်းသူတွေနဲ့ ရှမ်းပြည်နယ်ယဉ်ကျေးမှု အကအဖွဲ့က ရှမ်းအက၊ သိုင်းအက၊ တိုးနရားအက၊ ကိန္နရီ၊ ကိန္နရာအကတွေနဲ့ ကပြကြိုဆိုကြပြီး ခေတ်ပေါ်တေးဂီ တ တီးဝိုင်းနဲ့ ဧည့်ခံဖျော်ဖြေခဲ့ကြပါတယ်။ အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်နဲ့ဝန်ကြီးတွေ၊ တာဝန်ရှိသူတွေက တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါတယ်။
ဆက်လက်ပြီး တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက အဖွင့်အမှာစကားပြောကြားပြီး တန်ဆောင်တိုင်ပွဲတော်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ပါတယ်။အဲဒီနောက် အဆိုတော် စိုင်းဟိန်းကိုကိုက “ကမ္ဘောဇမောတို့ ရှမ်းဌာနေ” တေးသီချင်းနဲ့သီဆိုဖျော်ဖြေရာ တိုင်းရင်း သားယဉ်ကျေးမှုအကအဖွဲ့က တူညီအကနဲ့ တွဲဖက်တင်ဆက်ခဲ့ကြပြီး တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲအထိမ်းအမှတ် မီးပုံးပျံငယ် အလုံး ၁၀၀၀ ကျော်ကို လွှတ်တင်ခဲ့ကြပါတယ်။ တောင်ကြီးမြို့ရဲ့တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာ လ ၁၆ ရက်ကနေ ၂၅ ရက်အထိ ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE
တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲ ဒုတိယနေ့ ညလွှတ်မီးပုံးပျံများ ဆက်လက်ယှဉ်ပြိုင်
One News
Nov 17, 2026 5ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်းမှာ ကျင်းပနေတဲ့ တောင်ကြီးတန်ဆောင် တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲ ဒုတိယနေ့အဖြစ် နိုဝင်ဘာလ ၁၇ ရက်၊ ညပိုင်းမှာ ညမီးကြီး နဲ့ စိန်နားပန် မီးပုံးပျံတွေ ဆက်လက်လွှတ်တင် ယှဉ်ပြိုင်နေတယ်လို့ သိရပါတယ်။