သြစတြေးလျ၌ ဥပဒေပြင်ဆင်ချက်အရ နည်းပညာကုမ္ပဏီကြီးများ ဒေါ်လာဘီလီယံချီ ဒဏ်ရိုက်ခံရနိုင်
One News
Nov 24, 2026
Google နဲ့ Meta အပါအဝင် နည်းပညာကုမ္ပဏီကြီးတွေဟာ သြစတြေးလျနိုင်ငံမှာ ပြင်ဆင်ထားတဲ့ဥပဒေမူကြမ်းအရ အင်တာနက်လုံခြုံရေးဥပဒေကို ချိုးဖောက်ခဲ့မယ်ဆိုရင် ကမ္ဘာတစ်ဝန်းရရှိတဲ့ ဝင်ငွေရဲ့ ၅ ရာခိုင်နှုန်းအထိ ဒဏ်ကြေးပေးဆောင်ရဖွယ်ရှိနေတယ်လို့ CNN သတင်းမှာဖော်ပြပါတယ်။
သြစတြေးလျ ဆက်သွယ်ရေးဝန်ကြီး Anika Wells က အင်္ဂါနေ့မှာ အခုလို ပြောကြားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အခု ပြင်ဆင်ထားတဲ့ ဥပဒေမူကြမ်းဟာ Digital Duty of Care Laws လို့ခေါ်တဲ့ ဒီဂျစ်တယ်ပလက်ဖောင်းတွေရဲ့ တာဝန်ယူမှုဆိုင်ရာ ဥပဒေဖြစ်ပါတယ်။ဒီဥပဒေအရ နည်းပညာကုမ္ပဏီတွေဟာ သူတို့ရဲ့ အွန်လိုင်းပလက်ဖောင်းတွေကို အသုံးပြုနေသူတွေအတွက် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို ကြိုတင်စစ်ဆေးဖော်ထုတ်ပြီး တားဆီးပေးဖို့ တာဝန်ရှိလာမှာဖြစ်ပါတယ်။
အခုလို ဥပဒေပြင်ဆင်မှုတွေ လုပ်ဆောင်လာတာဟာ သြစတြေးလျရဲ့ လက်ဝဲယိမ်းဗဟိုနိုင်ငံရေးပါတီအစိုးရက Greens ပါတီရဲ့ ထောက်ခံမှုနဲ့အတူ အထက်လွှတ်တော်မှာ ဥပဒေကြမ်းအတည်ပြုနိုင်ဖို့ သဘောတူညီမှုရရှိခဲ့ပြီးနောက် ပေါ်ပေါက်လာတာပါ။အခုပြင်ဆင်ထားတဲ့ ဥပဒေမူကြမ်းမှာ ကုမ္ပဏီတွေအတွက် ဒဏ်ကြေးသတ်မှတ်ချက်တင်မကဘဲ သြစတြေးလျပြည်သူတွေအတွက်လည်း အခွင့်အရေးအသစ်တွေ ထည့်သွင်းထားပါတယ်။
အဲဒါကတော့ အွန်လိုင်းပလက်ဖောင်းတွေဟာ သုံးစွဲသူတွေကို ကာကွယ်စောင့်ရှောက်ပေးရမယ့်တာဝန်ကို ချိုးဖောက်ခဲ့မယ်ဆိုရင် သုံးစွဲသူတွေဘက်က ကုမ္ပဏီတွေကို တရားစွဲဆိုနိုင်မယ့် အခွင့်အရေး ဖြစ်ပါတယ်။ဒါ့အပြင် အင်တာနက်ဆိုင်ရာ စည်းမျဉ်းကြီးကြပ်ရေးအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်ကိုလည်း တိုးမြှင့်ပေးထားပါတယ်။အထူးသဖြင့် လူတစ်ယောက်ရဲ့ပုံရိပ်ကို အသုံးပြုပြီး ခွင့်ပြုချက်မရှိဘဲ အဝတ်အစားမဲ့ပုံစံအဖြစ် ပြုပြင်ဖန် တီးထားတဲ့ "Nudify" အကြောင်းအရာတွေကို ဖယ်ရှားခိုင်းနိုင်တဲ့ လုပ်ပိုင်ခွင့် ပိုမိုကျယ်ပြန့်လာမှာဖြစ်ပါတယ်။ဆက်သွယ်ရေးဝန်ကြီး Anika Wells ကတော့ ဒီဥပဒေမူကြမ်းကို လွှတ်တော်မှာ အတည်ပြုပြဋ္ဌာန်းနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့လည်း ပြောကြားထားပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE