လေဖြတ်ခြင်းကိုကုသနိုင်မည့်မိုက်ခရိုရိုဘော့ ဆွစ်ဇာလန်သိပ္ပံပညာရှင် တီထွင်
One News
Nov 20, 2026
ဆွစ်ဇာလန်နိုင်ငံက သိပ္ပံပညာရှင်တွေဟာ လေဖြတ်တာကို ကုသရာမှာ အသုံးပြုနိုင်မယ့် အလွန်သေးငယ်တဲ့ သံလိုက်စွမ်းအားသုံး မိုက်ခရိုရိုဘော့လေးတွေကို တီထွင်ဖန်တီးနိုင်ခဲ့တယ်လို့ India Today မှာ ဖော်ပြပါတယ်။
ဒီနည်းပညာဟာ သွေးကြောအတွင်း ပိတ်ဆို့နေတဲ့ သွေးခဲတွေဆီကို ဆေးဝါး တိုက်ရိုက်ပို့ဆောင်ပေးနိုင်တာ ကြောင့် အနာဂတ်မှာ လေဖြတ်လူနာတွေအတွက် ထိရောက်စွာ ကုသနိုင်မယ့် နည်းလမ်းသစ်တစ်ခု ဖြစ်လာနိုင် ပါတယ်။ ဒီနည်းပညာကို ဆွစ်ဇာလန်နိုင်ငံ ETH Zurich တက္ကသိုလ် သုတေသီတွေက တီထွင်ခဲ့တာဖြစ်ပြီး မိုက်ခရိုရိုဘော့လေးတွေဟာ လူ့ခန္ဓာကိုယ်က သွေးကြောတွေထဲကို ဝင်ရောက်သွားပြီး သွေးခဲပိတ်ဆို့နေတဲ့ နေရာတွေကို ရှာဖွေရောက်ရှိနိုင်အောင် ရည်ရွယ်ဖန်တီးထားပါတယ်။
ဒီရိုဘော့လေးတွေဟာ ကိုယ်ပိုင်ဉာဏ်ရည်နဲ့ လွတ်လပ်စွာ လှုပ်ရှားနိုင်တဲ့ စက်ရုပ်တွေတော့ မဟုတ်ပါဘူး။ ဆေးဝါးတွေထည့်သွင်းထားတဲ့ အလွန်သေးငယ်တဲ့ အမှုန်လေးတွေဖြစ်ပြီး သံလိုက်စက်ကွင်းနဲ့ ထိန်းချုပ်နိုင်ဖို့ သံဓာတ်နာနိုအမှုန်လေးတွေကိုလည်း ထည့်သွင်းထားပါတယ်။အဲဒီသံလိုက်စွမ်းအားကို အသုံးပြုပြီး ဆရာဝန်တွေက ရိုဘော့လေးတွေရဲ့ သွားလာရာလမ်းကြောင်းကို ထိန်းချုပ် ပေးနိုင်ပါတယ်။ ဒီနည်းပညာရဲ့ အဓိကအားသာချက်က သွေးကြောပိတ်ဆို့နေတဲ့နေရာကို ဆေးဝါးတိုက်ရိုက် ပို့ဆောင်ပေးနိုင်တာပါ။
သံလိုက်စက်ကွင်းရဲ့ အကူအညီနဲ့ မိုက်ခရိုရိုဘော့လေးတွေကို သွေးခဲရှိနေတဲ့ နေရာအထိ ဦးတည်ပို့ဆောင်ပေးပြီး အဲဒီနေရာကို ရောက်ရှိတဲ့အခါ သွေးခဲတွေကို ပျော်ဝင်စေဖို့ ရည်ရွယ်ထားတဲ့ ဆေးဝါးတွေ ကို ထုတ်လွှတ်ပေးမှာ ဖြစ်ပါတယ်။SWI swissinfo ရဲ့ ဖော်ပြချက်အရ ဒီမိုက်ခရိုရိုဘော့လေးတွေဟာ အရွယ်အစားအားဖြင့် ၂ မီလီမီတာထက်တောင် သေးငယ်ပါတယ်။ သုတေသီတွေဟာ ဝက်နဲ့ သိုးအပါအဝင် တိရစ္ဆာန်တွေမှာ စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပြီး အောင်မြင်မှုရလဒ်တွေ ရရှိထားတယ်လို့ သိရပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE