တရုတ်နိုင်ငံမှမြန်မာနိုင်ငံအတွက် စီမံကိန်း(၁၄၀)ကျော် ပံ့ပိုးကူညီပေးခဲ့
One News
Nov 17, 2026
တရုတ်နိုင်ငံအနေနဲ့ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေနဲ့ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေတွေကနေတစ်ဆင့် မြန်မာနိုင်ငံအတွက် စီမံကိန်း စုစု ပေါင်း(၁၄၀)ကျော်ကို ပံ့ပိုးကူညီပေးခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jai ကပြောပါ တယ်။
နိုဝင်ဘာလ ၁၇ ရက်က ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ Wyndham Grand yangon Hotel မှာကျင်းပတဲ့ ကမ္ဘာလုံး ဆိုင်ရာ အစီအမံကြီးလေးရပ်နဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲနဲ့ ၂၀၂၆ ခုနှစ် စတုတ္တသုံးလပတ် တရုတ်-မြန်မာ မီဒီယာ တွေ့ဆုံပွဲ အဖွင့်အမှာစကားပြောကြားရာမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။တရုတ်နိုင်ငံအနေနဲ့ လုံခြုံရေးကဏ္ဍမှာ နှစ်နိုင်ငံဘက်စုံဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး အွန်လိုင်းလောင်းကစားနဲ့ အွန်လိုင်းလိမ်လည်မှု စတဲ့ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေကို အတူတကွ နှိမ်နင်း ဆောင်ရွက်မှုတွေ လုပ်ဆောင်နေသလို လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေးလှုပ်ရှားမှုအမျိုးမျိုးကတစ်ဆင့် နှစ်နိုင်ငံ ပြည်သူအကြား အပြန်အလှန် နားလည်မှုကိုလည်း တိုးမြှင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စီမံခန့်ခွဲမှုကဏ္ဍတွေမှာလည်း မြန်မာနိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှုမိတ်ဆွေအဖွဲ့၊ နိုင်ငံတကာ ညှိနှိုင်းရေးရုံးနဲ့ ကမ္ဘာ့ဉာဏ်ရည်တုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းတွေ စတဲ့ ယန္တရားတွေမှာ တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေတယ်လို့ အမတ်ကြီး Ms.Ma Jai က ပြောပါတယ်။အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jai ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နိုင်ငံ တကာဆက်ဆံရေးကော်မတီအဖွဲ့ဝင် ဦးအေးချမ်း၊ မြန်မာသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦး၊ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုနဲ့ သတင်းမီဒီယာတွေ၊ ဖိတ်ကြားထားတဲ့ ဧည်သည်တော်တွေ တက်ရောက်ခဲ့ကြပါတယ်။
တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ စီမံကိန်းကြီးတွေ ပြုလုပ်ပေးတာထက် ပြည်သူတွေ အကျိုးရှိစေမယ့် သေးငယ် တဲ့စီမံကိန်းတွေ ဖော်ဆောင်ပေးမယ်ဆိုရင် ပိုပြီးတော့ အဆင်ပြေနိုင်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နိုင်ငံတကာဆက်ဆံရေးကော်မတီအဖွဲ့ဝင် ဦးအေးချမ်းက ပြောပါတယ်။ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးက အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာကြတဲ့ သတင်းမီဒီယာတွေက ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီးလေးရပ်နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို အမြင် ရှုထောင့်အမျိုးမျိုးကနေ ဝိုင်းဝန်းဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE