အခုနှစ်မှာ ရန်ကုန်စတော့အိတ်ချိန်းက ထူထောင်ထားတဲ့ Main Board နဲ့ စာရင်းဝင်အကြိုဈေးကွက် (Pre Listing Board) တို့ကို ဝင်ရောက်လာမယ့် အများပိုင်ကုမ္ပဏီ ၃ ခု လောက်ရှိတယ်လို့ ရန်ကုန်စတော့အိတ်ချိန်းက သိရပါ တယ်။ရန်ကုန်စတော့အိတ်ချိန်းရဲ့ Main Board မှာ အများပိုင်ကုမ္ပဏီတစ်ခု ဝင်ရောက်ဖို့ရှိနေပြီး Pre Listing Board မှာ အများပိုင်ကုမ္ပဏီ ၂ ခု ဝင်ရောက်ဖို့ ပြင်ဆင်နေတယ်လို့ ရန်ကုန်စတော့အိတ်ချိန်းရဲ့ အမှုဆောင်အကြီးတန်း မန်နေဂျာ ဦးမင်းသူက One News ကို အခုလို ပြောပါတယ်။

မွေးမြူရေးလုပ်ငန်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ အများပိုင်ကုမ္ပဏီတစ်ခုနဲ့ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ တစ်ခုတို့က Pre Listing Board မှာ ဝင်ရောက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ရန်ကုန်စတော့အိတ်ချိန်းရဲ့ Main Board ကို ဝင်ရောက်ဖို့ ပြင်ဆင်နေတဲ့ကုမ္ပဏီကတော့ ခေတ်မီ အီလက်ထရွန်နစ်ပစ္စည်းတွေနဲ့ ကျန်းမာရေး ဆိုင်ရာ အီလက်ထရွန်နစ်ပစ္စည်းတွေ တင်သွင်းတဲ့ကုမ္ပဏီတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။လက်ရှိမှာတော့ ရန်ကုန်စတော့အိတ်ချိန်း Main Board မှာ FMI ၊ MTSH ၊ မြန်မာနိုင်ငံသားများဘဏ်(MCB)၊ ပထမ ပုဂ္ဂလိကဘဏ်(FPB)၊ TMH ၊ EFR ၊ AMATA ၊ MAEX စတဲ့ အများပိုင်ကုမ္ပဏီ ၈ ခုနဲ့ နေ့စဉ် အစုရှယ်ယာ အရောင်းအဝယ်တွေကို ဆောင်ရွက်နေပါတယ်။

Pre Listing Board မှာတော့ MADPL ကုမ္ပဏီကတစ်ခုနဲ့သာ နေ့စဉ်ရှယ်ယာအရောင်းအဝယ်တွေ လုပ်ဆောင်နေတာပါ။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်တုန်းက Main Board နဲ့ Pre Listing Board နှစ်ခုကနေ စတော့ရှယ်ယာ အရောင်းအဝယ်တန်ဖိုးက ကျပ် ၁၄ ဒသမ ၀၈ ဘီလီယံကျော် ရှိခဲ့ပါတယ်။၂၀၂၄ ခုနှစ် စက်တင်ဘာလကနေ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း Pre Listing Board မှာ စာရင်းဝင် ကုမ္ပဏီ အဖြစ် ဝင်ရောက်လာမယ့် အများပိုင်ကုမ္ပဏီတွေအတွက် ကနဦးမှတ်ပုံတင်ဝန်ဆောင်ခ အခကြေးငွေကို ၅၀ ရာခိုင်နှုန်း လျှော့ချကောက်ခံမယ်လို့လည်း ရန်ကုန်စတော့အိတ်ချိန်းက သိရပါတယ်။