ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် နေပြည်တော်မှာ ကျင်းပနေတဲ့ ပြည်ထောင်စုအဆင့် MSME ထုတ် ကုန်ပြပွဲကြီးကို နှစ်ရက်တိုးပြီး ကျင်းပသွားမယ်လို့ သိရပါတယ်။ နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်းမှာ ဖေဖော်ဝါရီ ၁၀ ရက်ကနေ ၁၄ ရက်အထိ ကျင်းပနေရာ ပြပွဲစတင်တဲ့ ရက်ကစပြီး နေ့စဉ် ကျောင်းသား၊ ကျောင်းသူတွေ၊ ဝန်ထမ်းတွေ၊ ဝန်ထမ်းမိသားစုတွေ၊ ပြည်သူတွေနဲ့ MSME လုပ်ငန်းရှင်တွေ တစ်ခဲနက် လာရောက်ကြပြီး အထူးစိတ်ပါဝင်စားစွာ ပါဝင်ဆင်နွှဲနေကြတယ်လို့ ဆိုပါတယ်။

အဲဒါကြောင့် ပြပွဲကို ဖေဖော်ဝါရီ ၁၅ ရက်နဲ့ ၁၆ ရက် နှစ်ရက်တိုးပြီး ကျင်းပသွားမှာ ဖြစ်တယ်လို့ ပြိုင်ပွဲကျင်းပရေး ဆပ်ကော်မတီကနေ သိရပါတယ်။MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲမှာ MSME လုပ်ငန်းရှင်တွေကို ပြည်တွင်း၊ ပြည်ပ ဈေးကွက်ရရှိဖို့၊ ရင်းနှီးမြှုပ်နှံ မတည်ငွေ ရရှိနိုင်ဖို့နဲ့ ဆက်စပ်ဝန်ကြီးဌာနတွေရဲ့ One Stop Service တွေကို ချိတ်ဆက်ဆောင်ရွက်ပေးနေတယ် လို့ သိရပါတယ်။

ဒါ့အပြင် MSME လုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့ရဲ့ လုပ်ငန်းတိုးချဲ့ဆောင်ရွက်တာ စက်ပစ္စည်း ဝယ်ယူတာနဲ့ ကုန်ကြမ်းဝယ်ယူတာတွေအတွက် လိုအပ်တဲ့ ချေးငွေတွေကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် နဲ့ ပုဂ္ဂလိက ဘဏ် ၁၆ ခုတို့မှ ထုတ်ချေးပေးနေတဲ့အတွက် ချေးငွေတွေ လျှောက်ထားနိုင်တယ်လို့ MSME ဖွံ့ဖြိုး တိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့က ထုတ်ပြန်ထားပါတယ်။