ဗိုလ်တထောင်ဆိပ်ကမ်း Inland Container Deport II အတွင်း လေပြင်းတိုက်ခတ်တာကြောင့် ပြိုကျပျက်စီးမှု တွေ ရှင်းလင်းဖို့ ကုန်သေတ္တာအခွံ အတင်အချနဲ့ အထုတ်အသွင်း လုပ်ငန်းတွေကို ဇူလိုင် ၂၄ ရက်ကနေ ၂၆ ရက် အထိ ခေတ္တရပ်နားထားကြောင်း အသိပေးထားတယ်လို့ မြန်မာ့သယ်ယူပို့ဆောင်ရေးမဂ္ဂဇင်းတစ်ခုဖြစ်တဲ့ logistics & SCM Magazine က ဖော်ပြပါတယ်။

ဇူလိုင် ၂၄ ရက် မနက်ပိုင်းက လေပြင်းကြာင့် ICD II အတွင်းမှာ သိုလှောင်ထားတဲ့ ကုန်သေတ္တာအခွံတွေနဲ့ အဆောက်အဦတချို့ ပြိုကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။ကွန်တိန်နာအခွံတွေထားတဲ့ ICD II ဟာ လေပြင်းတိုက်ခတ်တဲ့ဒဏ် အများဆုံးခံခဲ့ရပြီး ၅ ထပ် ၆ ထပ်လောက် ဆင့်ထပ်ထားတဲ့ ကုန်သေတ္တာအခွံတွေ လဲကျတာမျိုးရှိသလို အဲဒီဝင်းနဲ့ကပ်လျက်မှာရှိတဲ့ ကုန်သေတ္တာတင် ယာဉ်ရပ်နားစခန်းထိ အခွံတွေ လွင့်ကျပြီး ကုန်သေတ္တာတင်ယာဉ်တချို့ တိမ်းမှောက်ခဲ့တာမျိုး ရှိခဲ့တယ်လို့ သိရပါတယ်။

ဒီလို ပျက်စီးမှု များခဲ့တာကြောင့် ICD II မှာ လုပ်ငန်းဆောင်ရွက်မှု ခေတ္တရပ်နားတာမျိုး ဖြစ်နိုင်ပြီး ကုန်သေတ္တာ တင် မော်တော်ယာဉ်သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းတွေကတော့ ပုံမှန်အတိုင်းပဲ ဆက်လက်ဆောင်ရွက်နေတယ် လို့ မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်း ပြန်ကြားရေးတာဝန်ခံ ဦးမျိုးထွဋ်အောင်က ပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်တချို့မှာ ဇူလိုင် ၂၄ ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာပြီး လေပြင်း တိုက်ခတ်တာကြောင့် သစ်ပင်တွေပြိုလဲသလို မော်တော်ယာဉ်တချို့လည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။