အခု ၂၀၂၄ – ၂၀၂၅ ဘဏ္ဍာနှစ် ၂၀၂၄ ခုနှစ် ဧပြီလကနေ ၂၀၂၅ ခုနှစ် မတ်လ ၁၂ ရက်အထိ ပို့ကုန်သွင်းကုန် ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၇၉၃ ဘီလီယံ ရရှိထားတယ်လို့ အမျိုးသားပို့ကုန် မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီက သိရပါတယ်။ အခုဘဏ္ဍာနှစ်မှာ ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၃၃ ဘီလီယံ ရရှိဖို့ သတ်မှတ်လျာထားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်အထိ ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၂၆ ဘီလီယံနီးပါး၊ ရာခိုင်နှုန်းအားဖြင့် ၇၈ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ကဏ္ဍလိုက် လုပ်ငန်းစီမံချက်တွေကို အကောင်အထည်ဖော်ရာမှာ ရေတိုအကျိုးရလဒ် ရရှိမယ့် လုပ်ငန်းစဉ်တွေကို ရွေးချယ်ဆောင်ရွက်နေပြီး ဘဏ္ဍာနှစ်အလိုက် ဘဏ္ဍာငွေလျာထားချက်တွေကို ကြီးကြပ်ဆောင်ရွက်ပေးဖို့နဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ မတ်လ ၁၈ ရက်က ကျင်းပတဲ့ အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေး ကော်မတီအစည်းအဝေးမှာ ကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၃) ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်တင့်က ပြောပါတယ်။အမျိုးသားပို့ကုန် မဟာဗျူဟာ( ၂၀၂၀ – ၂၀၂၅ )ကာလ ပြီးစီးသွားရင် အမျိုးသားပို့ကုန် မဟာဗျူဟာ(၂၀၂၆ – ၂၀၃၀)ကို ဆက်လက်ရေးဆွဲသွားဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။

အခုဘဏ္ဍာနှစ်ဟာ ကုန်ဆုံးခါနီးပြီဖြစ်လို့ သတ်မှတ်လျာထားချက်တွေကို ပြည့်မီအောင်ဆောင်ရွက်ဖို့ လိုအပ်သလို ပို့ကုန်နှစ်ဆ တိုးမြှင့်နိုင်ဖို့အတွက် သက်ဆိုင်ရာ အစိုးရဌာနတွေ၊ ပုဂ္ဂလိကအသင်းအဖွဲ့တွေနဲ့ ပို့ကုန်လုပ်ငန်းရှင် တွေက အမြဲပေါင်းစပ်ဆောင်ရွက်ဖို့ လိုအပ်မယ်လို့လည်း ကော်မတီ ဒုတိယဥက္ကဋ္ဌဖြစ်သူ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ပြောကြားခဲ့ပါတယ်။ပြည်ပကို ပဲမျိုးစုံ၊ နှမ်း၊ မြေပဲ၊ ရာဘာစိမ်း၊ ကြက်သွန်နီအပါအဝင် အခြား စားဖိုဆောင်သီးနှံတွေနဲ့ လယ်ယာထွက် ကုန်ပစ္စည်း၊ ရေထွက်ကုန်ပစ္စည်းတွေ အများဆုံး တင်ပို့နေပြီး စက်မှုကဏ္ဍထုတ်ကုန်တွေဖြစ်တဲ့ ချုပ်ပြီးအထည်၊ သကြားနဲ့ အခြားစက်မှုကုန်ချော ထုတ်ကုန်တွေကိုလည်း တင်ပို့နေတယ်လို့ သိရပါတယ်။ ပြည်ပကနေ သွင်းကုန် အနေနဲ့ကတော့ ရင်းနှီးမြှုပ်နှံကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်း၊ CMP နဲ့ လူသုံးကုန်ပစ္စည်းတွေ တင်သွင်းနေပါ တယ်။