၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်စ ဧပြီလမှာ ပြည်ပကို မြန်မာ့ဆန်နဲ့ဆန်ကွဲ တန်ချိန် ၁၄၂,၇၈၈ တန် တင်ပို့ခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF က ထုတ်ပြန်ပါတယ်။ဆန်နဲ့ဆန်ကွဲပို့ကုန်ကုမ္ပဏီ ၄၉ ခုကနေ ဆန်တန်ချိန် ၆၉,၁၉၄ တန်နဲ့ ဆန်ကွဲ တန်ချိန် ၇၃,၅၉၄ တန်ကို ပင်လယ် ရေကြောင်းကနေသာ တင်ပို့နိုင်ခဲ့တာဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကနေ တင်ပို့နိုင်တာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဧပြီလထဲမှာ ပြည်ပကို ဆန်ကွဲ ၅၂ ရာခိုင်နှုန်းအထိ အများဆုံးတင်ပို့နိုင်ခဲ့ပြီး ဆန်ကြမ်း အုပ်စုဝင် ၁၀ မှတ် – ၅ မှတ်ဆန်ကို ၃၉ ရာခိုင်နှုန်း၊ ၂၅ မှတ်ဆန်ကို ၅ ရာခိုင်နှုန်းနဲ့ ပေါင်းဆန်ကို ၄ ရာခိုင်နှုန်း တင်ပို့ခဲ့တာဖြစ်ပါတယ်။ပြည်ပကို ဆန်တင်ပို့ရာမှာ တရုတ်၊ ဘူလ်ဂေးရီးယား၊ ဖိလစ်ပိုင်၊ စပိန်နဲ့ ပိုလန်နိုင်ငံတွေကို ဆန်တန်ချိန်အများဆုံး တင်ပို့ခဲ့ပြီး စုစုပေါင်းနိုင်ငံ ၂၀ ကို တင်ပို့ခဲ့တာဖြစ်ပါတယ်။

အလားတူ ဆန်ကွဲကိုလည်း တရုတ်၊ ဘယ်လ်ဂျီယံ၊ ယူကေ၊ စပိန်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို အများဆုံး တင်ပို့ခဲ့ပြီး နိုင်ငံပေါင်း ၁၄ နိုင်ငံကို တင်ပို့ခဲ့တယ်လို့ ဆိုပါတယ်။ပြီးခဲ့တဲ့ ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်အတွင်းက ပြည်ပကို ဆန်နဲ့ဆန်ကွဲ တန်ချိန် ၂ ဒသမ ၄၈ သန်းကျော် တင်ပို့နိုင်ခဲ့ ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၂၉ ဘီလီယံ ရရှိခဲ့တယ်လို့ သိရပါတယ်။