အွန်လိုင်းကနေ ရွှေရောင်းဝယ်သူတွေ ငွေစုစာအုပ်နဲ့ ရွှေရောင်းတာ၊ တာလီစနစ်နဲ့ ရွှေရောင်းတာနဲ့ ကံစမ်းမဲ ဖောက်ပြီး ရွှေရောင်းတာတွေ မပြုလုပ်ဖို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း(YGEA)က ဇွန် ၁၂ ရက်မှာ အထူးသတိပေး ပန်ကြားလွှာ ထုတ်ပြန်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေလုပ်ငန်းရှင်တွေ၊ ရွှေဆိုင်တွေနဲ့ အွန်လိုင်းနဲ့ ရွှေရောင်းဝယ်သူတွေ အားလုံးကို အခုလို သတိပေးချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ရွှေလုပ်ငန်းရှင်တွေ၊ ရွှေဆိုင်တွေနဲ့ အွန်လိုင်းကနေတစ်ဆင့် ရွှေရောင်းဝယ်သူတွေအားလုံး ရွှေဆိုင်နဲ့ ပတ်သက်တဲ့ လိုင်စင်တွေကို မဖြစ်မနေ လျှောက်ထားကြဖို့ကိုလည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။ရွှေဆိုင်လုပ်ငန်း လုပ်ကိုင်ရာမှာ လိုအပ်တာတွေဖြစ်တဲ့ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှု လုပ်ငန်း လိုင်စင်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ လုပ်ငန်းလိုင်စင်၊ အဖိုးတန် သတ္တု(ရွှေ) ရောင်းဝယ်ရေး လုပ်ငန်း အသိအမှတ်ပြု မှတ်ပုံတင်လက်မှတ်နဲ့ ကုန်စည်ထုတ်သူ၊ ကုန်သွယ်မှု ဆောင်ရွက်သူနဲ့ ဝန်ဆောင်မှု ဆောင်ရွက်သူတွေကို ထုတ်ပေးတဲ့ လုပ်ငန်းမှတ်ပုံတင်လက်မှတ်တွေကို လျှောက်ထားဖို့ လိုအပ်တယ်လို့လည်း အထူးသတိပေးချက်မှာ ဖော်ပြထားပါတယ်။

ရွှေဈေးတည်ငြိမ်ရေးအတွက် ရွှေဆိုင်တွေအနေနဲ့ နေ့စဉ်ရွှေဆိုင်တွေ ဖွင့်လှစ်တာ၊ သတ်မှတ်ဈေးနဲ့ ရောင်းချတာနဲ့ လိုအပ်တဲ့ လိုင်စင်တွေ လျှောက်ထားဆောင်ရွက်ဖို့ကိုလည်း အသိပေးထားပါတယ်။အဲဒီအပြင် သက်ဆိုင်ရာဌာနတွေက လာရောက်စစ်ဆေးရာမှာလည်း ညွှန်ကြားချက်တွေကို လိုက်နာတာ မရှိရင် ထိရောက်စွာ အရေးယူဆောင်ရွက်မှာ ဖြစ်ကြောင်း ကြိုတင်အသိပေးထားပြီး ပူးပေါင်းပါဝင်ဆောင်ရွက်မှုအတွက် အထူးကျေးဇူးတင်တယ်လို့လည်း သတိပေးထုတ်ပြန်ချက်အရ သိရပါတယ်။