မြေငလျင်ဘေးသင့်ပြည်သူတွေကို ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက် ပေးနိုင်ဖို့ လိုအပ်တဲ့ သွင်းကုန်ပစ္စည်းတွေအတွက် နိုင်ငံခြားသုံးငွေ အမျိုးအစားအလိုက် သွင်းကုန်လိုင်စင် တွေကို နေ့ချင်းပြီး ဆောင်ရွက်ပေးနေတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက သိရပါတယ်။ငလျင်ဘေးသင့်ဒေသက ပြည်သူတွေရဲ့ ကျန်းမာရေးအတွက် လိုအပ်တဲ့ ဆေးဝါးနဲ့ ဆေးဝါးအထောက် အကူပြုပစ္စည်းတွေအပြင် ပြန်လည်ထူထောင်ရေးအတွက် လိုအပ်တဲ့ တည်ဆောက်ရေးပစ္စည်းတွေကို ပြည်ပကနေ အချိန်မီ တင်သွင်းနိုင်ဖို့အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက One Stop Service Team နဲ့ ဆောင်ရွက်ပေးနေတာပါ။

လတ်တလောမှာ မန္တလေးငလျင်ကြီးကြောင့် လိုအပ်ချက်ရှိနေတဲ့ ဆေးဝါး၊ သံချောင်း၊ သွပ်နဲ့ ဘိလပ်မြေ အပါအဝင် အိမ်ဆောက်လုပ်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ရေအတွက်လိုအပ်တဲ့ပစ္စည်း၊ စက်ရုံမြေပြင်လုပ်ငန်း သုံး စက်ကိရိယာနဲ့ ယာဉ်ယန္တရားသုံးစက်အရန်ပစ္စည်း စတာတွေကို တင်သွင်းနိုင်ဖို့ သွင်းကုန်လိုင်စင် တွေကို နေ့ချင်းပြီး ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ လက်ရှိမှာ တန်ဖိုးငွေ အမေရိကန်ဒေါ်လာ ၇ ဒသမ ၄၀ သန်းရှိတဲ့ ဆေးဝါးနဲ့ ဆေးဝါးအထောက်အကူပြုပစ္စည်းတွေကို သွင်းကုန်လိုင်စင် ထုတ်ပေး ထားပြီး ဖြစ်ပါတယ်။

အလားတူ အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၀၃၉ သန်း တန်ဖိုးရှိ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေ အတွက် အထူးလိုအပ်တဲ့ ပစ္စည်းတွေဖြစ်တဲ့ သံချောင်း၊ သွပ်ပြားလိပ်၊ သံမဏိပစ္စည်း ၊ ဘိလပ်မြေ၊ အိမ်ဆောက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ စက်ရုံမြေပြင်လုပ်ငန်းသုံးစက်ကိရိယာနဲ့ ယာဉ်ယန္တရားသုံးစက်အရန်ပစ္စည်းတွေကို သွင်းကုန်လိုင်စင် ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။လက်ရှိမှာ ငလျင်ဘေးသင့်ပြည်သူတွေအတွက် ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင် ရေးလုပ်ငန်းတွေ ကို အစိုးရဝန်ကြီးဌာနတွေနဲ့ အသင်းအဖွဲ့တွေ၊ အလှူရှင်တွေ ပူးပေါင်းဆောင်ရွက်နေကြပါတယ်။