သီလဝါအထူးစီးပွားရေးဇုန်မှာ ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်ဖို့ လိုတယ်လို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြောပါတယ်။ဇွန် ၉ ရက်က ကျင်းပပြုလုပ်တဲ့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ရဲ့ ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာနှစ် ပထမအကြိမ် အစည်းအဝေးမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။

ပြည်ပပို့ကုန်မြှင့်တင်အောင် ဆောင်ရွက်ကာ နိုင်ငံရဲ့ကုန်သွယ်ရေး လိုငွေပြမှုကို နည်းနိုင်သမျှ နည်း အောင် ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြောပါတယ်။အသေးစား၊ အငယ်စားနဲ့ အလတ်စားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် သီလဝါ အထူးစီးပွားရေး ဇုန်အတွင်းမှာရှိတဲ့ လုပ်ငန်းတွေက MSMEs လုပ်ငန်းတွေနဲ့ ပိုမိုချိတ်ဆက်ဆောင်ရွက်သွားရမှာ ဖြစ်တယ် လို့လည်း ဆိုပါတယ်။အလားတူ ကျောက်ဖြူ အထူးစီးပွားရေးဇုန်ရဲ့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအတွက် ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆက်လက်ဆောင်ရွက်ဖို့နဲ့ ထားဝယ်အထူးစီးပွားရေးဇုန်မှာ လာရောက် ရင်းနှီးမြှုပ်နှံမယ့်သူတွေကိုလည်း မြန်မာအထူး စီးပွားရေးဇုန် ဥပဒေ၊ နည်းပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ဒေါက်တာ ကံဇော်က ပြောပါတယ်။

အခုဘဏ္ဍာနှစ်အတွင်း ပြည်ပကို ပို့ကုန်တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၇ ဘီလီယံကျော်နဲ့ သွင်းကုန် တင်သွင်းမှုကနေ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၃ ဘီလီယံကျော် စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၂၉ ဘီလီယံကျော် ရှိဖို့ မျှော်မှန်းထားတယ်လို့ ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေမှာ ဖော်ပြထားပါတယ်။