ရက်ပေါင်း ၉၀ အတွင်းမှာ အမေရိကန်နဲ့ ကုန်သွယ်ရေး သဘောတူညီချက် ရရှိအောင် မလုပ်နိုင်တဲ့ နိုင်ငံတွေကို အမြင့်ဆုံးအခွန်စည်းကြပ်သွားမယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးရဲ့ ပြောကြားချက်ကို ကိုးကားပြီး Financial Times သတင်းက ဖော်ပြပါတယ်။အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့တ် ဘက်ဆင့် (Scott Bessent)က ကုန်သွယ်ရေးဆွေးနွေးမှုတွေမှာ ကောင်းကောင်းမွန်မွန် ညှိနှိုင်းဖို့ နိုင်ငံတွေကို သတိပေးလိုက်တာဖြစ်ပြီး စေ့စပ်ညှိနှိုင်းမှုမလုပ်ရင် အမြင့်ဆုံး အခွန်နှုန်းနဲ့ ကြုံရမယ်လို့ ပြောထားတာဖြစ်ပါတယ်။

အမေရိကန်ဟာ ပြီးခဲ့တဲ့ ဧပြီလထဲမှာ နိုင်ငံပေါင်း ၁၀၀ ကျော်ကို အခွန်တိုးမြှင့်ကောက်ခံဖို့ ကြေညာခဲ့ပြီး နောက်ပိုင်းမှာ ဒီအခွန်တိုးမြှင့်မယ့်ကိစ္စကို ရက်ပေါင်း ၉၀ ရွှေ့ဆိုင်းလိုက်ကာ အခွန်နှုန်းကိုလည်း အခြေခံ နှုန်းထားအနေနဲ့ ၁၀ ရာခိုင်နှုန်းကို လျှော့လိုက်တာပါ။အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်နဲ့ ကုန်သွယ်ရေး သဘောတူညီချက်တစ်ခုရအောင် ပြုလုပ်ဖို့ နိုင်ငံတွေအတွက် အချိန်နည်းနေပြီလို့ ပြီးခဲ့တဲ့ မေလ ၁၆ ရက်က ပြောကြားခဲ့ပြီး တချိန်တည်းမှာပဲ အမေရိကန်နဲ့ သဘောတူညီချက် ရရှိချင်နေတဲ့ နိုင်ငံ ၁၅၀ လောက်ရှိတယ်လို့ ထရမ့်က ပြောပါတယ်။

လက်ရှိမှာ အမေရိကန်ဟာ တရုတ်၊ ဗြိတိန်တို့လို အဓိကကုန်သွယ်ဖက် အင်အားကြီး နိုင်ငံတွေနဲ့ ကုန်သွယ်ရေး သဘောတူညီချက်အချို့ ရရှိထားပြီး တရုတ်နိုင်ငံကို အခွန်နှုန်း ၁၄၅ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ လျှော့ပေးထားပါတယ်။လက်လီကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ ဝဲလ်မတ်(Walmart)ကလည်း ထရမ့်ရဲ့ အခွန်တိုးမြှင့်မှုကြောင့် ကုန်စည်အချို့ကို ဈေးနှုန်းတိုးမြှင့်မယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကြေညာခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ဝဲလ်မတ်ကို လူမှုကွန်ရက်ကနေ ဝေဖန်ခဲ့ပါတယ်။ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့တ် ဘက်ဆင့်ကတော့ ဝဲလ်မတ် ရဲ့ အမှုဆောင်အရာရှိချုပ်နဲ့ ပြီးခဲ့တဲ့ မေလ ၁၇ ရက်က တိုက်ရိုက်စကားပြောဆိုခဲ့တယ်လို့ ပြောဆို ထားပါတယ်။