ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ငန်းလိုင်စင်လျှောက်ထားတဲ့ ရွှေဆိုင် ၁၅၀၀ အထိရှိလာတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်၊၊လက်ရှိအချိန်အထိ လုပ်ငန်းလိုင်စင်လျှောက်ထားပြီးတဲ့ဆိုင် ၁၅၀၀ လောက်မှာ တစ်ထောင်လောက်က လိုင်စင် ထုတ်ယူပြီး ဖြစ်တယ်လို့ ဆိုပါတယ်၊၊

လိုင်စင်လျှောက်ထားရာမှာ မူလသတ်မှတ်ထားတဲ့ နောက်ဆုံးလျှောက်ထားရမယ့် ရက်သတ်မှတ်ချက်ကိုလည်း ဖြေလျှော့ပေးထားပြီး ထပ်မံလျှောက်ထားခွင့် ပေးထားတယ်လို့ သိရပါတယ်၊၊ ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်တဲ့ ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူတွေအနေနဲ့ လုပ်ငန်းလိုင်စင်လျှောက်ထားရာမှာ လုပ်ငန်းပမာဏရဲ့ ၂၅ ရာခိုင် နှုန်းနဲ့ ညီမျှတဲ့ ငွေကြေးပမာဏကို ဘဏ်မှာအပ်နှံထားတဲ့ အထောက်အထားတင်ပြရမှာဖြစ်ပြီး အရောင်းအဝယ် ပမာဏကို ရွှေအချိန်နဲ့ ဖော်ပြပေးရမှာ ဖြစ်ပါတယ်၊၊အထောက်အထားတင်ပြရာမှာလည်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း ဒါမှမဟုတ် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရဲ့ အဖွဲ့ဝင်ဖြစ်ကြောင်း ထောက်ခံချက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးစီး မှူးရဲ့ ထောက်ခံချက်၊ ရဲတပ်ဖွဲ့ရဲ့ ပြစ်မှုကင်းရှင်းကြောင်းထောက်ခံချက်တွေကိုပါ ပူးတွဲတင်ပြရမှာ ဖြစ်ပါတယ်၊၊

အဲဒီအပြင် အခွန်ဆောင်ထားတဲ့ သက်ဆိုင်ရာပြည်တွင်းအခွန်များဦးစီးဌာနရဲ့ အခွန်ကင်းရှင်းကြောင်း ထောက်ခံ ချက်နဲ့ စည်ပင်သာယာရေးကော်မတီက ထုတ်ပေးထားတဲ့ လုပ်ငန်းလိုင်စင်ရှိပါကလည်း ပူးတွဲတင်ပြရမှာ ဖြစ်တယ်လို့ သိရပါတယ်၊၊ရွှေဆိုင်တွေအနေနဲ့ မြေပြင်မှာလည်း ရွှေရောင်းဝယ်တဲ့လုပ်ငန်းဆောင်ရွက်နိုင်ဖို့အတွက် လုပ်ငန်းလိုင်စင် လျှောက်ထားရယူဖို့နဲ့ သတ်မှတ်ထားတဲ့စည်းကမ်းချက်တွေကို လိုက်နာမှုမရှိရင် အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေနဲ့အညီ အရေးယူခံရမှာဖြစ်တယ်လို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာက အသိပေးကြေညာထားပါတယ်၊၊