မြန်မာနိုင်ငံမှာ နိုင်ငံတကာကို တင်ပို့နိုင်တဲ့ ဓာတ်ငွေ့ပိုက်လိုင်းတွေရှိတဲ့အတွက် မြန်မာနဲ့ ရုရှား ပူးပေါင်းပြီး စွမ်းအင်ကုန်သွယ်မှုတွေ ဆောင်ရွက်သွားမယ်လို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးကိုကိုလွင်က One News ကို ပြောပါတယ်။မြန်မာနိုင်ငံမှာ ထိုက်သင့်သလောက်စွမ်းအင်အရင်းအမြစ်တွေရှိပေမယ့် ပြီးပြည့်စုံအောင်မရှာဖွေနိုင် သေးတာကြောင့် ရုရှားရဲ့ နည်းပညာအကူအညီရယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

မြန်မာရဲ့ ပထဝီအနေအထားအရ LNG Terminal တွေ တည်ဆောက်ပြီး ထိုင်းနဲ့ တရုတ်ကို တင်ပို့ နေတဲ့ ပိုက်လိုင်းတွေတစ်ဆင့် တင်ပို့နိုင်အောင်ဆောင်ရွက်သွားဖြစ်သလို ဒေသတွင်းမှာလည်း သဘာဝဓာတ်ငွေ့လုံလောက်အောင် ဖြန့်ဖြူးပေးသွားမယ်လို့ ဦးကိုကိုလွင်က ပြောပါတယ်။ဒီအပြင် ရုရှားနဲ့ပူးပေါင်းပြီး ရေနံချက်စက်ရုံတွေတည်ဆောက်ကာ စက်သုံးဆီတွေချက်လုပ်သွား ဖို့ရှိနေသလို ဓာတ်မြေဩဇာ တွေလည်းထုတ်လုပ်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီးက ဆက်ပြောပါတယ်။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ ရုရှားနိုင်ငံခရီးစဉ်အတွင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဟာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စွမ်းအင်ဝန်ကြီးဌာန ပထမဒုတိယဝန်ကြီး Mr. Pavel Sorokin နဲ့ ရုရှားနိုင်ငံတော်ပိုင် ရေနံနဲ့ဓာတ်ငွေ့ကုမ္ပဏီ Zarubezhneft က နိုင်ငံတကာဆက်ဆံရေးဌာနအကြီးအကဲ Mr. Alesksander Boldyrev တို့နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက မော်စကိုမြို့မှာရှိတဲ့ Radisson Collection ဟိုတယ်မှာတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

တွေ့ဆုံစဉ် ထားဝယ်ရေနက်ဆိပ်ကမ်းအနီး LNG Terminal တည်ဆောက်ပြီး ပြည်တွင်းသုံးနဲ့ ပြည်ပကိုတင်ပို့ရောင်းချနိုင်ဖို့အတွက် ရင်းနှီးမြှုပ်နှံဆောင်ရွက်ရေး၊ LNG Terminal မှတစ်ဆင့် ဆက်သွယ်မယ့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေ တည်ဆောက်မယ့်ကိစ္စတွေမှာ ရင်းနှီးမြှုပ်နှံရေး၊ ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရေနံချက်စက်ရုံတည်ဆောက်တဲ့အခါ ရင်းနှီးမြှုပ်နှံရေး၊ မြန်မာနိုင်ငံရဲ့ စက်သုံးဆီလိုအပ်ချက်ကို သက်သာသောဈေးနှုန်း နဲ့ ရရှိနိုင်ဖို့ ကူညီဆောင်ရွက်ပေးရေး၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ထုတ်လုပ်ရေးမှာ အဆင့်မြင့်နည်းပညာတွေ အသုံးပြုနိုင်ဖို့အတွက် အကူအညီပေးရေး နဲ့ အလားအလာကောင်းတွေရှိနေတဲ့ ကမ်းလွန်လုပ်ကွက်တွေမှာ ရုရှားကုမ္ပဏီတွေက ရင်းနှီးမြှုပ်နှံပြီး ပူးပေါင်းဆောင်ရွက်ဖို့အတွက် ဖြစ်နိုင်ခြေဆန်းစစ်ခြင်းကို လာရောက်ဆောင်ရွက်ရေး စတာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။