ရန်ကုန်တိုင်းဒေသကြီးမှာ ပြည်ပပို့ကုန် ၅ မျိုးကို စီးပွားဖြစ် စိုက်ပျိုးလာကြတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက သိရပါတယ်။အရင်က ရန်ကုန်တိုင်းဒေသကြီးမှာ ဆန်စပါးနဲ့ ပဲမျိုးစုံကိုသာ အဓိက စိုက်ပျိုးခဲ့ရာကနေ လက်ရှိမှာ နိုင်ငံတကာဈေးကွက်မှာ အလားအလာကောင်းတဲ့ ဒူးရင်း၊ သရက်၊ ငှက်ပျော၊ သံပယိုနဲ့ ပန်းနဲ့အလှဆင် အပင်တွေကို စီးပွားဖြစ် စိုက်ပျိုးလာကြတယ်လို့ ဆိုပါတယ်။

အဲဒီ ပို့ကုန်အမယ်သစ်တွေဟာ ပို့ကုန်ဈေးကွက်မှာ အလားအလာကောင်းတွေရှိနေပြီး နိုင်ငံတကာ ဈေးကွက်လိုအပ်ချက်တွေကို လေ့လာကာ စနစ်တကျစိုက်ပျိုးထုတ်လုပ်နိုင်ရင် ဝင်ငွေကောင်းတဲ့ ပို့ကုန် တွေ ဖြစ်လာနိုင်တယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။လက်ရှိမှာ မြန်မာနိုင်ငံကနေ နိုင်ငံတကာဈေးကွက်တွေကို စိုက်ပျိုးရေးထွက်ကုန်၊ ရေထွက်ကုန်၊ စက်မှုကုန်ချောပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်းနဲ့ အခြား ပစ္စည်းတွေကို တင်ပို့နေပါတယ်။