မြန်မာနဲ့အိန္ဒိယ ကုန်းလမ်းကတစ်ဆင့် နယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင်နိုင်ဖို့အတွက် နှစ်နိုင်ငံအစိုးရ အချင်း ချင်း သဘောတူညီမှုရရှိခဲ့တယ်လို့ The Economic Time မှာ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းနဲ့ အိန္ဒိယ ကူးသန်း ရောင်းဝယ်ရေးနှင့် စက်မှုလက်မှုဝန်ကြီး ဂျစ်တင်ပရာဆာဒါတို့ တွေ့ဆုံစဉ်မှာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးတွေ ပြန်လည်စတင်နိုင်ဖို့က အရေးကြီးကြောင်း ဆွေးနွေးခဲ့ပြီး ဆက်လက် အကောင်အထည်ဖော်ဖို့ သဘောတူညီခဲ့ကြ တာပါ။

နှစ်နိုင်ငံတာဝန်ရှိသူတွေဟာ ဆေးဝါး၊ ပဲမျိုးစုံနဲ့ ရေနံထွက်ကုန် ကဏ္ဍတွေကို ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ အပြင် ရူပီး-ကျပ် တိုက်ရိုက်ပေးချေမှုကို အသုံးပြုနိုင်မယ့် အလားအလာတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ရူပီး-ကျပ် ပေးချေမှုအတွက် မြန်မာဘက်က UAB ဘဏ်နဲ့ CB Bank PCL တို့ကို Designated Bank အဖြစ် ဆောင်ရွက်ခွင့်ပြုထားပြီး အိန္ဒိယဘက်က အစိုးရပိုင် Punjab National Bank ကို ဆောင်ရွက်ခွင့် ပြုထားပါတယ်။မြန်မာ- အိန္ဒိယနယ်စပ်ဖြစ်တဲ့ ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ တမူးနယ်စပ် ကုန်သွယ်ရေးစခန်းတွေကနေ နှစ်နိုင်ငံ ကုန်သွယ်မှု လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ မြန်မာ-အိန္ဒိယ နယ်စပ်စခန်းတွေကနေ ကုန်သွယ်မှု ကို အိန္ဒိယအစိုးရဘက်က ပိတ်ထားတဲ့အပြင် ဒေသတွင်း အခြေအနေတွေကြောင့် လက်ရှိမှာ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်မှုတွေ မလုပ်နိုင်ဘဲ ရပ်တန့်နေဆဲဖြစ်ပြီး ပင်လယ်ရေကြောင်းကနေသာ ကုန်သွယ်မှုတွေ လုပ်ဆောင် နေတယ်လို့ ကလေး-တမူး နယ်စပ်က ကုန်သည်တစ်ယောက် ပြောပါတယ်။အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ပဥ္စမမြောက် အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်မှုအနေနဲ့ ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာနှစ်က အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၄ ဘီလီယံရှိပြီး ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်က အမေရိကန် ဒေါ်လာ ၁ ဒသမ ၇၆ ဘီလီယံ ရှိခဲ့ပါတယ်။မြန်မာ – အိန္ဒိယနယ်စပ်ကုန်သွယ်ရေးစခန်းတွေကနေ ကွမ်းသီးနဲ့ စီးကရက် အပါအဝင် အခြားကုန်စည်တွေ တင်ပို့ နေပြီး လုပ်ငန်းသုံးပစ္စည်း၊ မြေဩဇာ စတာတွေ တင်သွင်းနေတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။