ရုရှားဖက်ဒရေးရှင်းနိုင်ငံကို နိုင်ငံတော်အဆင့်ခရီးစဉ်ရောက်ရှိနေတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရုရှား-အာဆီယံစီးပွားရေးကော်မရှင်ဥက္ကဋ္ဌနဲ့ မော်စကိုမြို့၊ Radisson Hotel မှာ မတ်လ ၄ ရက် ညပိုင်းက တွေ့ဆုံပြီး မြန်မာ-ရုရှား နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စတွေကို ဆွေးနွေးပါတယ်။

အဲဒီလိုတွေ့ဆုံရာမှာ ရုရှား-မြန်မာ စီးပွားရေးကော်မရှင်ရဲ့ လုပ်ငန်းဆောင်ရွက်မှုအခြေအနေတွေ၊ မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံတို့အကြား စိုက်ပျိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်တွေ၊ မြန်မာနိုင်ငံမှာ စိုက်ပျိုးဖြစ်ထွန်းတဲ့ ဖရဲသီး၊ သရက်သီး စတဲ့ အသီးအနှံတွေကို ရုရှားနိုင်ငံကို တင်ပို့နိုင်တဲ့အခြေအနေတွေ၊ စွန့်ပစ်အမှိုက်တွေကို Recycle ပြန်လည်အသုံးပြုနိုင်ရေးကိစ္စရပ်တွေ၊ အာကာသနဲ့ နည်းပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်တွေနဲ့ နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြ ပါတယ်။

တွေ့ဆုံပွဲကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နဲ့အတူ ချစ်ကြည်ရေးခရီးစဉ်မှာ လိုက်ပါလာတဲ့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးတွေ၊ မြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာသံအမတ်ကြီးနဲ့ တာဝန်ရှိသူတွေ၊ ရုရှား-အာဆီယံ စီးပွားရေးကော်မရှင်ဥက္ကဋ္ဌနဲ့ ကော်မရှင်က တာဝန်ရှိသူတွေ တက်ရောက်ကြပါတယ်။