အမေရိကန်အကောက်ခွန်တွေကြောင့် စိုးရိမ်စရာရှိနေသေးပေမယ့် ထိုင်းရဲ့ပို့ကုန်လုပ်ငန်းတွေဟာ မတ်လအတွင်း က ၁၈ ရာခိုင်နှုန်းနီးပါး မြင့်တက်လာတယ်လို့ CNA သတင်းမှာ ဖော်ပြထားပါတယ်။

ဒါဟာ သုံးနှစ်တာအတွင်း မျှော်မှန်းထားတာထက် အမြင့်ဆုံး ပမာဏကို ရောက်ရှိခဲ့တယ်လို့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက ပြောကြား ထားပါတယ်။ အရှေ့တောင်အာရှမှာ ဒုတိယအကြီးဆုံး စီးပွားရေးအခရာဖြစ်တဲ့ ထိုင်းနိုင်ငံ ပို့ကုန်လုပ်ငန်းက မတ်လအတွင်း ၁၇ ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်သွားခဲ့ပြီး ဖေဖော်ဝါရီလနဲ့နှိုင်းယှဉ်ရင် ရာနှုန်း အတော်လေး မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။မတ်လအတွင်း သွင်းကုန်လုပ်ငန်းတွေကလည်း ပြီးခဲ့တဲ့နှစ်နဲ့နှိုင်းယှဉ်ရင် ၁၀ ရာနှုန်းကျော် တိုးလာခဲ့ပါတယ်။

အမေရိကန်ဟာ ပြီးခဲ့တဲ့နှစ်အတွင်းက ထိုင်းနိုင်ငံရဲ့အကြီးဆုံး ပို့ကုန်ဈေးကွက်ဖြစ်ခဲ့ပြီး ကုန်ပစ္စည်းပို့ဆောင်မှု အားလုံးရဲ့ ၁၈ ရာနှုန်းကျော် ရှိခဲ့တာလည်း ဖြစ်ပါတယ်။ထိုင်းဟာ သမ္မတထရမ့်ရဲ့လုပ်ဆောင်ချက်တွေကြောင့် အထိအနာဆုံး အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ပါနေပြီး ဇူလိုင်လမှာ ကုန်ဆုံးမယ့် ယာယီဆိုင်းငံ့ကာလမတိုင်ခင် အခွန်လျှော့ပေါ့မှုကိစ္စ မညှိနှိုင်းနိုင်ရင် အခွန် ၃၆ ရာနှုန်း အထိ ပေးဆောင်ရဖို့ ရှိနေတာဖြစ်ပါတယ်။