ပြည်ပကနေ တင်သွင်းလာတဲ့ ဘိလပ်မြေတန်ချိန် ၃၀၀၀ ဟာ ရန်ကုန်မြို့ ရွှေပြည်သာ မုတ္တမဆိပ်ကမ်းကို ဖေဖော်ဝါရီ ၂၁ ရက်က ရောက်ရှိပြီး ဈေးကွက်အတွင်း စတင်ဖြန့်ဖြူးနေတယ်လို့ သိရပါတယ်။
အခုအချိန်ဟာ ပွင့်လင်းရာသီကို ရောက်ရှိလာပြီ ဖြစ်တဲ့အတွက် နိုင်ငံတစ်ဝန်းမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နေရာ ပြည်တွင်းဘိလပ်မြေ လိုအပ်ချက်ကို ပြည့်မီစေဖို့ နဲ့ ပြည်တွင်းထုတ်လုပ်မှု အင်အား ဖြည့်တင်းပေး နိုင်ဖို့ အတွက် ပြည်ပကနေ ဘိလပ်မြေတွေကို တင်သွင်းခွင့် ပြုနေတာလို့ ဆိုပါတယ်။ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် အခုကာလအတွင်း လိုအပ်တဲ့ ဘိလပ်မြေတွေကို တင်သွင်းခွင့်ပြုထားပြီး အခု ရေယာဉ်အပြင် ကျန်ဘိလပ်မြေ တင်ဆောင်လာတဲ့ ရေယာဉ်တွေပါ အပတ်စဉ် ဆက်လက်ရောက်ရှိလာမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းအတွက် မရှိမဖြစ် လိုအပ်တဲ့ ဘိလပ်မြေတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီ နောက်ဆုံးပတ်ကစပြီး ကော့သောင်း နယ်စပ် ကုန်သွယ်ရေး စခန်း နဲ့ ပင်လယ်ရေကြောင်းတွေက တစ်ဆင့် တင်သွင်းခွင့် ပြုနေပြီး ဖေဖော်ဝါရီလအတွင်း ရောက်ရှိမှာ ဖြစ်တယ်လို့ ဘိလပ်မြေတင်သွင်းမှုနှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ဘိလပ်မြေကိုတော့ တရုတ်၊ ထိုင်း နဲ့ မလေးရှားနိုင်ငံတွေက အဓိက တင်သွင်းနေတာ ဖြစ်ပြီး ပြည်တွင်းမှာတော့ ဘိလပ်မြေစက်ရုံ ပုဂ္ဂလိကပိုင် ၁၆ ရုံ၊ နိုင်ငံပိုင် ၃ ရုံ စုစုပေါင်း ၁၉ ရုံ ရှိနေပြီး အပြည့်အဝ လည်ပတ်ဖို့ လိုအပ်နေသေးတယ်လို့လည်း သိရပါတယ်။