၂၀၂၄ ခုနှစ်အတွင်း ဆန်နဲ့ဆန်ကွဲတင်ပို့မှုကနေ ပို့ကုန်ဝင်ငွေ ဒေါ်လာ ၁ ဘီလီယံကျော် ရရှိခဲ့တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က သိရပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်တာကာလအတွင်း ဆန်နဲ့ဆန်ကွဲ တန်ချိန် ၂ ဒသမ ၇ သန်း ကျော် တင်ပို့ခဲ့ပြီး ပို့ကုန်ဝင်ငွေ ဒေါ်လာ သန်း ၁၃၀၀ ကျော် ရရှိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီ ဆန်နဲ့ဆန်ကွဲတွေကို ကုမ္ပဏီ ၁၀၀ ကျော်က ပြည်ပနိုင်ငံ ၄၉ နိုင်ငံကို တင်ပို့ရောင်းချခဲ့တာ ဖြစ်ပါတယ်။မြန်မာနိုင်ငံအနေနဲ့ အရင်နှစ်တွေကတော့ ပြည်ပကို ဆန်တင်ပို့မှုကနေ ပို့ကုန်ဝင်ငွေ ဒေါ်လာ သန်း ၇၀၀ ကနေ ၈၀၀ လောက်အထိ ရရှိနေရာကနေ ၂၀၂၄ ခုနှစ်မှာတော့ ဒေါ်လာ သန်း ၁၃၀၀ ကျော်အထိ တိုးမြှင့်ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၂၅ ခုနှစ်အတွင်းမှာလည်း ဆန်နဲ့ဆန်ကွဲ ပြည်ပတင်ပို့မှုလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်လိုတဲ့ ကုမ္ပဏီ တွေကိုလည်း ပို့ကုန်လုပ်ငန်းမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ ဖိတ်ခေါ်ထားပြီး လိုအပ်တဲ့ ဈေးကွက်ဆိုင်ရာ၊ လုပ်ငန်းပိုင်းဆိုင်ရာတွေကို ချိတ်ဆက်ကူညီပေးသွားဖို့ စီစဉ်ဆောင်ရွက်ထားတယ်လို့လည်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က ထုတ်ပြန်လိုက်ပါတယ်။