အခု ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၉ ဘီလီယံကျော် ရှိဖို့ မျှော်မှန်းထားပါတယ်။ အခုဘဏ္ဍာနှစ်အတွင်း ပြည်ပကို ပို့ကုန်တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၇ ဘီလီယံကျော် ရရှိဖို့နဲ့ သွင်းကုန်တင်သွင်းမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၃ ဘီလီယံကျော် ရှိဖို့ ဆောင် ရွက်သွားမယ်လို့ ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်တုန်းကတော့ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၃ ဘီလီယံ ရရှိဖို့ သတ်မှတ်လျာထား ခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့ပို့ကုန်တွေအတွက် ဈေးကွက် ဝေစုရရှိပြီးသား နိုင်ငံတွေအပြင် ဈေးကွက်ချဲ့ထွင် တင်ပို့နိုင်ဖို့ကိုလည်း ဆောင်ရွက်ရမှာဖြစ်ပြီး ဈေးကွက်ဝင်ရောက်ခွင့် ရရှိဖို့အတွက် အစိုးရအနေနဲ့ G to G ဆွေးနွေးညှိနှိုင်းတာတွေနဲ့ ပို့ကုန်တိုးမြှင့်နိုင်ရေး အဓိကလိုအပ်ချက်ဖြစ်တဲ့ ကုန်သွယ်မှုလျင်မြန်ချောမွေ့စေဖို့အတွက် သက်ဆိုင်ရာဌာနတွေနဲ့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်းက ပြောကြားထားပါတယ်။

ပြည်ပပို့ကုန်တွေရဲ့ အဓိကဈေးကွက်တွေက တရုတ်၊ ထိုင်းနဲ့ အိန္ဒိယနိုင်ငံတို့ ဖြစ်ပါတယ်။ ပို့ကုန်စုစုပေါင်းရဲ့ ၂၅ ရာခိုင်နှုန်းခန့်ကို တရုတ်နိုင်ငံနဲ့ ပဲမျိုးစုံတင်ပို့မှုရဲ့ ၅၂ ရာခိုင်နှုန်းခန့်ကို အိန္ဒိယနိုင်ငံကို တင်ပို့နေတယ်လို့ သိရပါ တယ်။ပြီးခဲ့တဲ့၂၀၁၃ – ၂၀၁၄ ဘဏ္ဍာရေးနှစ် မတိုင်ခင်က ပြည်ပကို ပို့ကုန်တင်ပို့မှုက အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ လောက်သာ ရှိခဲ့ပြီး အဲဒီနောက် ၂၀၁၉-၂၀၂၀၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွေမှာတော့ ကုန်သွယ်မှုက ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ်မတိုင်မီ ကာလထက် ၈၀ ရာခိုင်နှုန်းခန့်အထိ ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။