မြန်မာ့ပေါ်ဆန်းကို နိုင်ငံတကာဈေးကွက်ကို တင်ပို့ရောင်းချဖို့ စီစဉ်နေပြီး ဈေးကွက်ဝင်ပေါ်ဆန်းစပါးကို တောင် သူတွေ စိုက်ပျိုးနိုင်ဖို့ ငွေကြေးအရင်းအနှီး၊ အရည်အသွေးမီ စပါးမျိုးစေ့နဲ့ နည်းပညာလိုအပ်ချက်တွေ ရှိတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်က တောင်သူတချို့က ပြောပါတယ်။ဧရာဝတီတိုင်းဒေသကြီး ပေါ်ဆန်းဖိုရမ် ၂၀၂၅ ရဲ့ ရှေ့ဆက်ခရီး ဖျာပုံခရိုင် နှင့် MRF ဒေသကော်မတီ(၅)တို့ ပူးပေါင်းဆောင်ရွက်တဲ့ ဧရာဝတီပေါ်ဆန်းနှင့် ဆန်စပါး လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး စိုက်သူ ကြိတ်သူ ရောင်းဝယ် သူတို့ ဆွေးနွေးပွဲကို မေလတတိယပတ်က ဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ ပေါ်ဆန်းအရည်အသွေးမြှင့်တင်ဖို့၊ မျိုးကောင်းမျိုးသန့်တွေရွေးချယ်စိုက်ပျိုးဖို့နဲ့ ပြည်တွင်း ပြည်ပ ဈေးကွက် ထိုးဖောက်နိုင်ဖို့ စတာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ တောင်သူ ဦးသန်းစိုးက ပြောပါတယ်။ လက်ရှိမှာ နိုင်ငံတကာဈေးကွက်ကို ဧည့်မထနဲ့ငစိန် အုပ်စုဝင်တွေဖြစ်တဲ့ ဆင်းသုခ၊ သီးထပ်ယဉ်၊ ရတနာတိုး၊ ငစိန်ရာကျော်၊ ကရင်မ၊ ထွန်းပု၊ GW-11 ၊ စောရှုပ်၊ ၇၄၇၊ သီးပု၊ နှံကောက်၊ ဇီယာ၊ ငွေတိုး၊ မင်းဧရာ၊ ရွှေမန်း စတဲ့ ဆန်ကြမ်းတွေကို အဓိ ကတင်ပို့နေတယ်လို့ သိရပါတယ်။နိုင်ငံတကာဈေးကွက်ကို မြန်မာ့ပေါ်ဆန်းတင်ပို့နိုင်ဖို့အတွက် ဈေးကွက် ရှာဖွေနေဆဲဖြစ်ပြီး ဈေးကွက်ရရှိရင် ဈေးကွက်ဝင်အရည်အသွေးမီ ပေါ်ဆန်းဆန်တွေ ထုတ်လုပ်နိုင်ဖို့ ဆက်လက် ဆောင်ရွက်ရမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ ဒေသကော်မတီ(၅) (ဖျာပုံခရိုင်)ရဲ့ ဥက္ကဋ္ဌ ဦးသောင်းဝင်းက ပြောပါတယ်။

နိုင်ငံတကာဈေးကွက်ကို ပေါ်ဆန်းဆန်တွေ တင်ပို့တာကြောင့် ပြည်တွင်းမှာ ပေါ်ဆန်းဆန်ဈေးနှုန်းတွေ လိုက် တက်တာမျိုး မဖြစ်အောင်လည်း စီမံဆောင်ရွက်ဖို့လိုအပ်တယ်လို့ စားသုံးသူတချို့က ဆိုပါတယ်။မြန်မာ့ပေါ်ဆန်းဆန်ကို နိုင်ငံတကာဈေးကွက်တွေဆီ တင်ပို့နိုင်ရေးအတွက် Myanmar Pawsan Rice Foundation ကို တည်ထောင်ပြီး စိုက်ပျိုးသူတွေ အပါအဝင် ကုန်သည်နဲ့ဆန်စက်ပိုင်ရှင်တွေ ပါဝင်တဲ့ အစုအဖွဲ့ တစ်ခု ဖွဲစည်းပြီး မျိုးကောင်း မျိုးသန့်ကစလို့ သုတေသနလုပ်ငန်းတွေလည်း ဆောင်ရွက်သွားဖို့ ရှိတယ်လို့ သိရပါတယ်။