တရုတ်ထုတ်ကုန်တွေအပေါ် ၁၀၄ ရာခိုင်နှုန်းအထိ အခွန်ကောက်ခံတာအပါအဝင် သမ္မတဒေါ်နယ်ထရမ့်ရဲ့ နိုင်ငံပေါင်းများစွာအပေါ် သတ်မှတ်ထားတဲ့ အပြန်အလှန်ကုန်သွယ်ခွန်ဟာ ဧပြီလ ၉ ရက်မှာ စတင် အသက် ဝင်လာပြီးနောက် နိုင်ငံတကာကုန်သွယ်ရေးစစ်ပွဲက ပိုမိုအရှိန်မြင့်လာတယ်လို့ Reuters သတင်းမှာ ရေးသားထား ပါတယ်။

ထရမ့်ရဲ့ကုန်သွယ်ခွန်တိုးမြှင့်မှုဟာ ဆယ်စုနှစ်ချီကြာ တည်ငြိမ်နေတဲ့ ကမ္ဘာ့ကုန်သွယ်ရေးကို ဂယက်ရိုက်စေခဲ့တာ ကြောင့် စီးပွားရေးကျဆင်းလာမှာကို စိုးရိမ်နေကြပါတယ်။ ကုန်သွယ်ခွန်တိုးမြှင့်မှုကြေညာပြီးနောက်ပိုင်းမှာ S&P 500 အညွှန်းကိန်းဟာ အမေရိကန်ဒေါ်လာ ၆ ထရီလီယံနီးပါး ဆုံးရှုံးလိုက်ရပြီး စတော့ဈေးကွက်တွေလည်း ကျဆင်း သွားခဲ့ပါတယ်။ လက်ရှိအခြေအနေဟာ ၁၉၅၀ ပြည့်နှစ်နောက်ပိုင်း အကြီးမားဆုံး စတော့ဈေးကွက်ကျဆင်းမှု ဖြစ်ပါ တယ်။ ဧပြီ ၉ ရက်မှာ အာရှစတော့ရှယ်ယာဈေးကွက် ဆက်လက်ကျဆင်းနေသလို ဂျပန်က Nikkei လည်း ၃ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့ပြီး တောင်ကိုရီးယားရဲ့ငွေကြေးတန်ဖိုးလည်း ၁၆ နှစ်အတွင်း အနိမ့်ဆုံးပမာဏကို ကျဆင်းသွားခဲ့ပါ တယ်။

အမေရိကန်စတော့ရှယ်ယာတန်ဖိုးတွေဟာလည်း ငါးရက်ဆက်တိုက် ကျဆင်းခဲ့ပါတယ်။ ဒီလိုအကြောင်းတရားတွေ ကြောင့် ကုန်သွယ်ခွန်တိုးမြှင့်မှုကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ ထရမ့်က ပြောကြားထားပေမယ့် အခြားနိုင်ငံ တွေကလည်း ဆွေးနွေးညှိနှိုင်းကြဖို့ ဖိအားပေးနေတယ်လို့ သိရပါတယ်။ ထရမ့်အစိုးရအဖွဲ့ဟာ အမေရိကန်ရဲ့ အဓိက ကုန်သွယ်ဖက် မဟာမိတ်နိုင်ငံတွေဖြစ်ကြတဲ့ ကိုရီးယား၊ဂျပန်တို့နဲ့ ဆွေးနွေးမှု ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါ တယ်။