ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ကို ရန်ကုန်မြို့ ဆိပ်ကမ်းတွေကတစ်ဆင့် စက်သုံးဆီသယ်ယာဉ်တွေ ရောက်ရှိနေပြီး စက်သုံးဆီ ပြတ်လပ်မှု မဖြစ်ပေါ်ရေး ဆောင်ရွက်နေတယ်လို့ တာချီလိတ်ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ကနေ သိရပါတယ်။ တာချီလိတ်မြို့မှာ စက်သုံးဆီတွေ ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချနိုင်ရေးနဲ့ စက်သုံးဆီတွေ ပြတ်လပ်မှု မ ဖြစ်ပေါ်ရေး ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂၀ ရက်က ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။

ထိုင်းနိုင်ငံက စက်သုံးဆီ တင်ပို့မှု ရပ်ဆိုင်းခဲ့တဲ့အတွက် ဒေသတွင်း စက်သုံးဆီ ပြတ်လပ်မှု မဖြစ်ပေါ်ရေးနဲ့ ဈေးနှုန်း သက်သာစေရေးအတွက် Max Mega Power Myanmar Co,Ltd နဲ့ Golden Gate Energy Co,Ltd တို့ ပူးပေါင်းပြီး ရန်ကုန်မြို့ ဆိပ်ကမ်းတွေကတစ်ဆင့် တာချီလိတ်မြို့ကို စက်သုံးဆီသယ်ယူဖြန့်ဖြူး ရောင်းချသွားမယ့် ကိစ္စရပ်တွေ ညှိနှိုင်းဆွေးနွေးခဲ့ပြီး လိုအပ်ချက်တွေကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့တာပါ။

လက်ရှိ စက်သုံးဆီတွေ ပုံမှန်ပြန်ဝင်လာတဲ့အတွက် တန်းစီစောင့်ဆိုင်း ဝယ်ယူရတာမရှိတော့ဘဲ စက်သုံးဆီဈေး တွေကတော့ မြင့်တက်လာတာ ရှိတယ်လို့ တာချီလိတ်မြို့နယ်က ဆိုင်ကယ်တက္ကစီမောင်းသူတစ်ယောက်က ပြောပါတယ်။တာချီလိတ်မြို့နယ်မှာ အောက်တိန်း 92 တစ်လီတာကို ထိုင်းဘတ် ၃၆ ဘတ်၊ အောက်တိန်း 95 တစ်လီတာကို ၃၇ ဘတ်၊ ဓာတ်ဆီတစ်လီတာကို ၃၃ဘတ်ခွဲ၊ ပရီမီယမ် ဒီဇယ်တစ်လီတာကို ၃၇ဘတ်ခွဲနဲ့ ရောင်း ချပေးနေတယ်လို့ သိရပါတယ်။