အမေရိကန်အစိုးရရဲ့ သွင်းကုန်စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံတာကို လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန် သွင်းကုန်တွေအပေါ် စည်းကြပ်ခွန် ၈၄ ရာခိုင်နှုန်း ကောက်ခံမယ်လို့ တရုတ်အာဏာပိုင်တွေက ဧပြီ ၉ မှာ ကြေညာထားတာကို Reuters သတင်းမှာ ရေးသားထားပါတယ်။

တရုတ် ကုန်စည်တွေအပေါ် ၁၀၄ ရာခိုင်နှုန်း အခွန်ကောက်ခံဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဧပြီ ၈ မှာ ကြေညာအပြီး နောက်ရက်မှာပဲ တရုတ်ကလည်း အမေရိကန် ကုန်စည်တွေအပေါ် အခွန်တိုးမြှင့်ကောက်ခံဖို့ သတင်းထုတ်ပြန်တာဖြစ်ပါတယ်။ အမေရိကန် အစိုးရရဲ့ အတင်းအကျပ် ဖိအားပေးလုပ်ဆောင်တာတွေကို အဆုံးထိ တန်ပြန် လုပ်ဆောင်သွားမယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ပြောကြားထားပါတယ်။

တရုတ်ကုန်စည်တွေအပေါ် အမေရိကန် အခွန်တိုးမြှင့်ကောက်ခံမှုက ဧပြီ ၉ ရက်မှာ စတင် အသက်ဝင်ပြီး အမေရိကန် ကုန်စည်တွေအပေါ် တရုတ်ဘက်က တိုးမြှင့်ကောက်ခံမှုကတော့ ဧပြီ ၁၀ ရက်မှာ စတင် အသက်ဝင်မယ်လို့ တရုတ်နဲ့ အမေရိကန် အခြေစိုက် သတင်းတွေက ဖော်ပြကြပါတယ်။