တရုတ်နိုင်ငံကို ဆန်နဲ့ဆန်ကွဲ တင်ပို့ဖို့ စိတ်ဝင်စားတဲ့ ကုမ္ပဏီအသစ်တွေအနေနဲ့ စိတ်ဝင်စားမှု အဆို ပြုလွှာ(EOI) လျှောက်ထားနိုင်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။ဆန်နဲ့ဆန်ကွဲ တင်ပို့ဖို့ မြန်မာနဲ့တရုတ် နှစ်နိုင်ငံချုပ်ဆိုထားတဲ့အပြင် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက် သဘောတူစာချုပ်အရ SPS Protocol သတ်မှတ်စည်းကမ်းချက်တွေနဲ့အညီ နှစ်စဉ် ပုံမှန် စိစစ်မှတ်ပုံတင် တာကို ဆောင်ရွက်သွား မယ်လို့ ဆိုပါတယ်။ အဲဒီအဆိုပြုလွှာတွေကို ဇွန်လ ၃၀ ရက် နောက်ဆုံးထား တင်ပြလျှောက်ထားရမှာပါ။

ဆန်နဲ့ဆန်ကွဲ တင်ပို့ခွင့်မှတ်ပုံတင် လျှောက်ထားချင်တဲ့ ကုမ္ပဏီအသစ်တွေအနေနဲ့ ( EOI )တင်ပြ လျှောက်ထားနိုင်ပြီး အရင်ခွင့်ပြုထားတဲ့ ကုမ္ပဏီတွေကတော့ မပါဘူးလို့ သိရပါတယ်။ဒါ့ကြောင့် တင်ပို့ခွင့်မှတ်ပုံတင်လျှောက်ထားမယ့် ကုမ္ပဏီတွေအနေနဲ့ စိုက်ပျိုးရေးဦးစီးဌာန၊ တရုတ်နိုင်ငံ သို့ ဆန်နဲ့ဆန်ကွဲ တင်ပို့နိုင်ရေး နည်းပညာရပ်ဆိုင်ရာ လုပ်ငန်းအဖွဲ့ (မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်) တို့မှာ လျှောက်လွှာတွေ ရရှိယူနိုင်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံကနေ တရုတ်ကို ဆန်နဲ့ဆန်ကွဲ တင်ပို့ရာမှာ နယ်စပ်ကုန်သွယ်ရေးထက် ပင်လယ်ရေကြောင်း ကနေ အများဆုံး တင်ပို့နေတာပါ။ ပြီးခဲ့တဲ့ ဧပြီလက ပင်လယ်ရေကြောင်းကနေ တရုတ်နိုင်ငံကို ဆန် တန်ချိန် ၃၃၂၂၃ တန်နဲ့ ဆန်ကွဲတန်ချိန် ၂၈၃၅၃ တန် တင်ပို့နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်း ချုပ်ရဲ့ စာရင်းတွေအရ သိရပါတယ်။