ဒေသအလိုက် အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ တရားမဝင်ရွှေတူးဖော်မှုတွေကို ထိထိရောက်ရောက် နှိမ်နင်းကြဖို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောပါတယ်။ဇွန်လ၉ရက်ကကျင်းပတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အခုလိုပြောကြားလိုက်တာပါ။

တည်ငြိမ်အေးချမ်းမှုနဲ့ တရားဥပဒေစိုးမိုးမှုအပြည့်အဝဆောင်ရွက်နိုင်ဖို့ ကန့်သတ်ချက်တွေရှိနေတဲ့ တချို့ဒေသ တွေမှာ မြစ်၊ ချောင်းတွေအနီး တရားမဝင်ရွှေတူးဖော်တဲ့လုပ်ငန်းတွေကို အလွန်အကြူး လုပ်ဆောင်လာမှုတွေ ကြောင့် မြစ်၊ ချောင်းတွေ တိမ်ကောတာ၊ နုန်းပို့ချမှုများပြားလာတာနဲ့ ရေစီးကြောင်းပျက်စီးတာတွေ ဖြစ်ပေါ်နေ တယ်လို့ ဆိုပါတယ်။

အဲဒါကြောင့် ဒေသအလိုက် အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ တရားမဝင်ရွှေတူးဖော်မှုတွေကို ထိထိ ရောက်ရောက် နှိမ်နင်းကြဖို့နဲ့ ဒေသခံပြည်သူလူထုအနေနဲ့လည်း မိမိတို့ဒေသအလိုက် တရားမဝင်ရွှေတူးဖော်မှု တွေကို သတင်းပေးပို့ကြဖို့ကိုလည်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါတယ်။လက်ရှိမှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့ရှိ ဒေသတချို့မှာ တရားမဝင်ရွှေတူးဖော်မှုတွေ ရာနဲ့ချီရှိနေတယ်လို့လည်း ဒေသခံပြည်သူတွေနဲ့ ဒေသတွင်းမီဒီယာတွေရဲ့ ဖော်ပြ ချက်တွေအရ သိရပါတယ်။




