အိန္ဒိယနိုင်ငံက ရင်းနှီးမြှုပ်နှံသူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ဆေးဝါးတင်သွင်းဖြန့်ဖြူးရောင်းချတာအပြင် ပြည်တွင်းဆေးဝါးထုတ်လုပ်မှုကဏ္ဍမှာ ပိုမိုရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောပါတယ်။

ဇူလိုင် ၂၅ ရက်က ရန်ကုန်မြို့ Pan Pacific ဟိုတယ်မှာ ကျင်းပတဲ့ ဆေးဝါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ပြုလုပ်တဲ့ PHARMA CONNECT 2025 မှာ ပြည်ထောင်စုဝန်ကြီးက အခုလိုဖိတ်ခေါ်ခဲ့တာပါ။အိန္ဒိယနိုင်ငံရဲ့ ဆေးဝါးထုတ်လုပ်မှုကဏ္ဍမှာ တိုးတက်အောင်မြင်နေတဲ့ နည်းပညာတွေကိုလည်း မြန်မာနိုင်ငံက ဆေးဝါးထုတ်လုပ်တဲ့လုပ်ငန်းရှင်တွေနဲ့ နည်းပညာရှင်တွေကို လေ့လာစေလိုတယ်လို့ ဆိုပါတယ်။အိန္ဒိယနိုင်ငံထုတ် ဆေးနဲ့ဆေးပစ္စည်းတွေက အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းသင့်တင့်လို့ မြန်မာနိုင်ငံရဲ့ ဆေးနဲ့ဆေးပစ္စည်းဈေးကွက်မှာ ၆၀ ရာခိုင်နှုန်းခန့် အသုံးပြုနေတယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ စတုတ္ထမြောက်ကုန်သွယ်ဖက် အများဆုံးနိုင်ငံဖြစ်ပြီး ကျန်းမာရေး နဲ့ စီးပွား ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတွေတိုးမြှင့်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ်က မြန်မာ-အိန္ဒိယ ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ ၂ဒသမ၁ ဘီလီယံထိရှိခဲ့တယ်လို့ သိရပါတယ်။