ကမ္ဘာ့အကြီးဆုံး လက်လီရောင်းချတဲ့ လုပ်ငန်းတစ်ခုဖြစ်တဲ့ ဝဲလ်မတ်(Walmart)က အမေရိကန်မှာ ကုန်ပစ္စည်း အချို့ကို ဈေးနှုန်းမြှင့်တင် ရောင်းချသွားမယ်လို့ မေလ ၁၅ ရက်မှာ ကြေညာပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ရဲ့ စည်းကြပ်ခွန်တိုးမြှင့်တဲ့ အစီအစဉ်ရဲ့ သက်ရောက်မှုအဖြစ် အခုလို ဈေးနှုန်းမြှင့်တင်ရတဲ့အခြေအနေ ဖြစ်ပေါ်လာတာပါ။

လက်ရှိမှာ ကုန်စည်အချို့ကိုသာ ဈေးနှုန်းမြှင့်တင်မှာ ဖြစ်ပေမယ့် အခုလကုန်ပိုင်းနဲ့ လာမယ့်ဇွန်လမှာတော့ အခြားကုန်စည်တွေပါ ဈေးထပ်မြင့်လာနိုင်တဲ့ အခြေအနေရှိတယ်လို့ ဝဲလ်မတ်ရဲ့ ဘဏ္ဍာရေးဆိုင်ရာ အရာရှိချုပ် ဂျွန်ဒေးဗစ်ရေးနီက ပြောပါတယ်။ထရမ့်က တရုတ်သွင်းကုန်တွေအပေါ် အခွန် ၁၄၅ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ လျှော့ချလိုက်ပေမယ့် ဒီအခွန်နှုန်းထားက လက်လီလုပ်ငန်းတွေအတွက် အခက်အခဲဖြစ်နေဆဲဖြစ်သလို အခြားနိုင်ငံ ဒါဇင်ပေါင်း များစွာက တင်သွင်းတဲ့ ကုန်ပစ္စည်းတွေဟာလည်း အခွန် ၁၀ ရာခိုင်နှုန်းနဲ့ ရင်ဆိုင်နေရပါတယ်။ကျွန်တော်တို့ ဒါကို အတတ်နိုင်ဆုံး လမ်းကြောင်းရှာဖို့ ကြိုးစားနေပါတယ်လို့ ဝဲလ်မတ်ရဲ့ ဘဏ္ဍာရေးဆိုင်ရာ အရာရှိချုပ်က ပြောထားပေမယ့် စျေးနှုန်းတွေ တိုးလာနေတဲ့အရှိန်က မကြုံစဖူး ဖြစ်နေတယ်လို့ သူက CNBC ကို ပြောပါတယ်။

အမေရိကန်တစ်ဝန်းမှာ ဆိုင်ခွဲပေါင်း ထောင်နဲ့ချီရှိနေတဲ့ ဝဲလ်မတ်ဟာ သူ့ဆိုင်ခွဲတွေမှာ ရောင်းချတဲ့ ကုန်ပစ္စည်း ၃ ပုံတစ်ပုံက အမေရိကန်ပြည်တွင်းက ထုတ်လုပ်တာဖြစ်ပေမယ့် ကျန်တဲ့ကုန်ပစ္စည်းတွေကိုတော့ ပြည်ပက တင်သွင်းနေရတာပါ။ အထူးသဖြင့် တရုတ်၊ မက္ကဆီကို၊ ဗီယက်နမ်၊ အိန္ဒိယနဲ့ ကနေဒါတို့က တင်သွင်းနေတာ ဖြစ်ပြီး ကော်စတာရီကာ၊ ပီရူးနဲ့ ကိုလံဘီယာတို့လို နိုင်ငံတွေအပေါ် စည်းကြပ်ခွန်တွေက ငှက်ပျောသီး၊ ထောပတ် သီး၊ ကော်ဖီနဲ့ နှင်းဆီပန်းတွေ အပါအဝင် အခြားကုန်ပစ္စည်းဈေးနှုန်းတွေကို မြင့်တက်လာစေပါတယ်။ဒါ့အပြင် တရုတ်နိုင်ငံက အဓိက တင်သွင်းတဲ့ အရုပ်တွေနဲ့ အီလက်ထရွန်းနစ်ပစ္စည်းတွေကလည်း ဈေးနှုန်းပို မြင့်တက်လာမှာ ဖြစ်ပါတယ်။ အ၀တ်အထည်၊ ပရိဘောဂနဲ့ အသားလို ကုန်စည်တွေ၊ ခရမ်းချဉ်သီးနဲ့ စတော် ဘယ်ရီလို ကုန်ပစ္စည်းတွေနဲ့ အခြားကုန်ပစ္စည်း အမြောက်အမြားဟာလည်း ဈေးဆက်လက် မြင့်တက်လာနိုင်ဖွယ် ရှိနေပါတယ်။