စင်ကာပူနဲ့ပစိဖိတ်မဟာမိတ်နိုင်ငံတွေအကြား အခမဲ့ကုန်သွယ်ရေးသဘောတူညီချက်က မေလ ၃ ရက်မှာ နိုင်ငံ သုံးနိုင်ငံအတွက် စတင်အသက်ဝင်ခဲ့တယ်လို့ ကုန်သွယ်ရေးနဲ့စက်မှုလုပ်ငန်းဝန်ကြီးဌာနက မေလ ၅ ရက်မှာ ပြောကြားလိုက်ပါတယ်။ ပစိဖိတ်မဟာမိတ်နိုင်ငံများအဖွဲ့ဟာ လက်တင်အမေရိက ကုန်သွယ်ရေးအဖွဲ့တစ်ခုဖြစ်ပြီး ချီလီ၊ကိုလံဘီယာ၊ မက္ကဆီကိုနဲ့ ပီရူးနိုင်ငံတို့ အကျိုးတူပူးပေါင်းထားကြတာဖြစ်ပါတယ်။

ဒီအခမဲ့ကုန်သွယ်ရေးသဘောတူညီချက်ဟာ စင်ကာပူ၊ ပီရူးနဲ့ ချီလီနိုင်ငံတွေမှာ စတင်အသက်ဝင်ပြီး ကိုလံဘီယာနဲ့ မက္ကဆီကိုနိုင်ငံတွေကတော့ အတည်ပြုဖို့ လုပ်ဆောင်နေရဆဲဖြစ်ပါတယ်။ပစိဖိတ်မဟာမိတ်နိုင်ငံတွေအားလုံး စုပေါင်းလိုက်ရင် ကမ္ဘာ့နံပါတ် ၉ အကြီးဆုံးစီးပွားရေးဖြစ်ပြီး လူဦးရေအားဖြင့် ၂၃၅ သန်းရှိပါတယ်။ ၂၀၂၄ ခုနှစ်အတွင်းက စင်ကာပူရဲ့ ပစိတ်ဖိတ်မဟာမိတ်နိုင်ငံတွေနဲ့ ကုန်သွယ်မှု ပမာဏဟာ စင်ကာပူဒေါ်လာ ၁၂ ဒသမ ၅ ဘီလီယံအထိ ရှိခဲ့ပြီး ဒီပမာဏဟာ လက်တင်အမေရိကနဲ့ကာရစ်ဘီယံဒေသမှာ စင်ကာပူရဲ့ကုန်သွယ်မှုစုစုပေါင်းတန်ဖိုးရဲ့ သုံးပုံတစ်ပုံကျော် ရှိပါတယ်။ အဓိကကုန်သွယ်တဲ့ပစ္စည်းတွေကတော့ လျှပ်စစ်ပစ္စည်း သန့်စင်တဲ့သတ္တုထုတ်ကုန်၊ ကိုကိုးမှုန့်နဲ့ ပင်လယ်စာထုတ်ကုန်တွေ ဖြစ်ပါတယ်။

ဒါ့အပြင် ပစိဖိတ်မဟာမိတ်နိုင်ငံတွေရဲ့ဈေးကွက်တွေမှာ လုပ်ငန်းလုပ်ဆောင်နေတဲ့ စင်ကာပူရဲ့ကုမ္ပဏီတွေက လည်း ၁၀၀ လောက်ရှိနေပါတယ်။ ဒီကုမ္ပဏီတွေက နည်းပညာနဲ့ဒီဂျစ်တယ်စီးပွားရေး၊ စားသောက်ကုန်၊ ကုန်သွယ်ရေး၊အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး၊ဆိပ်ကမ်းစီမံခန့်ခွဲမှုနဲ့ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းတွေမှာလုပ်ဆောင်နေတာပါ။ကုန်သွယ်ခွင့်သဘောတူညီချက် ယူထားတဲ့နိုင်ငံတွေဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အကောက်ခွန်တွေ မကောက်ခံ တော့ပါဘူး။ အထူးသဖြင့် ကိုလံဘီယာနိုင်ငံက ဒီသဘောတူညီချက်ကို အတည်ပြုပြီးနောက် တင်ပို့နေတဲ့ကုန်စည်တွေရဲ့ ၈၅ ဒသမ ၇ ရာခိုင်နှုန်းလောက်ကို အခွန်လျှော့ချရမှာ ဖြစ်ပါတယ်။စီးပွားရေးလုပ်ငန်းတွေအနေနဲ့လည်း သတ်မှတ်ထားတဲ့စည်းမျဉ်းအတိုင်း လိုက်နာရင် အဖွဲ့ဝင်နိုင်ငံတွေက ကုန်ကြမ်းတွေကို သုံးနိုင်ပြီး ထုတ်ကုန်တစ်ခုအတွက် အကောက်ခွန်ဆိုင်ရာ အထူးခံစားခွင့် ရရှိဖို့ အဆင်ပြေ သွားမှာ ဖြစ်ပါတယ်။